ကိုကိုမောင်၊ ဧရာဝတီတိုင်းမ်
မအူပင်၊ ဇွန်လ ၃၀ရက်

ဧရာဝတီတိုင်း၊မအူပင်မြို့နယ် အခြေခံပညာကျောင်းများတွင် စစ်ကောင်စီက ဇွန်လနောက်ဆုံးအပတ်မှစ၍ ကိုဗစ်ရောဂါကာကွယ်ကုသရေး၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး ဟောပြောပွဲဟုဆိုကာ ကျောင်းသားမိဘများနှင့် ကျောင်းသားများကိုခေါ်ယူပြီး ဟောပြောပွဲများပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ် ရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ဟော ပြောရာတွင် ကိုဗစ်အသိပညာပေး ဟောပြောချက်များအနည်းငယ်သာ ပါဝင်ပြီး PDF များ မကောင်းကြောင်း၊ PDF များကို ဆက်သွယ်ခြင်း ၊ထောက်ပံ့ခြင်းများ မလုပ်ကြရန်နှင့် နီးစပ်သူများရှိပါက အလင်းဝင်ဖို့ တိုက်တွန်းကြရန်ကိုသာ အဓိကထား ပြောဆိုခဲ့ကြသည်ဟု ဒေသခံများကဆိုသည်။

” လုပ်တာကတော့ မြို့ပေါ်ကျောင်းတွေမှာလှည့်ပြီး ဟော ပြောနေတာ။ တနေ့က အလက ၁ မှာလာလုပ်တယ်။ ခေါင်းစဥ်ကတော့ ကိုဗစ်ပညာပေးလို့ပြောပြီး ကိုဗစ်အကြောင်းက နည်းနည်းဘဲပါတယ်။ PDF အကြောင်းတွေချည်း ပြောသွားတာ။ မဆက်သွယ်၊မထောက်ပံ့ဖို့၊ PDFထဲမှာရောက်နေရင်အလင်းဝင်ခိုင်းဖို့၊ ဒါတွေဘဲဦးတည်ပြီးပြောသွားတာ” ဟု မအူပင်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပညာသင်ကြားနေသည့်ကလေးများကို စာသင်ချိန်အတွင်း ယခုကဲ့သို့ ကိုဗစ်ကာကွယ်ရေးဟောပြောမှုကိုအကြောင်းပြပြီး PDF များနှင့်ပတ်သက်သည့်ကိစ္စများကို စစ်တပ်လက်အောက်ခံ ဝန်ထမ်းများက ဝါဒဖြန့်ပြောကြားမှုများနှင့် ပတ်သက်၍ ကျောင်းသားမိဘ မြို့ခံများကလည်း ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက မအူပင်မြို့အတွင်း ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ဟု အမည်ခံကာ စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စစ်ထွက်၊ ရဲထွက်၊ မီး သတ်တပ်ဖွဲ့ဝင်၊ ကြက်ခြေနီအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး မြို့ခံများကိုလည်း ယခုကဲ့သို့ ကျန်းမာရေးကိစ္စများနှင့် ရောချ၍ စည်းရုံးပြောဆိုမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။