ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ခရိုင်သည် HIV ကူးစက်မှု စောင့်ကြည့်စာရင်းတွင် ဆက်လက်ရှိနေပြီး နောက် ဆုံးရရှိထားသည့် အချက်အလက်များအရ တစ်နှစ်လျှင် ကူးစက်မှုအသစ် ၇၀၀ ကျော် (ပျမ်းမျှအားဖြင့် တစ်နေ့လျှင် HIV ကူးစက်မှုအသစ် ၂ ဦးနှုန်း) ရှိနေကြောင်း သိရသည်။
စာရင်းမှတ်တမ်းများအရ ချင်းမိုင်ခရိုင်အတွင်း HIV ကူးစက်ခံရသူ စုစုပေါင်း ၂၃,၉၀၀ ဝန်းကျင်ရှိနေပြီး ကူးစက် မှုအသစ်များမှာ လူငယ်များနှင့် အလုပ်လုပ်ကိုင်သည့် အရွယ်များတွင် အများဆုံးတွေ့ရသည်။ အထူးသဖြင့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူနည်းစုများတွင် HIV အပါ အဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ ပိုမိုကူးစက်နေ သည်ကို တွေ့ရှိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများနှင့် လူနည်းစုများသည် ဘာသာစကား အခက်အခဲနှင့် တည်ငြိမ်မှုမရှိသည့် အလုပ်အကိုင်များကြောင့် ကျန်းမာရေး ဝန်ဆောင်မှုရရှိရန် ခက်ခဲနေကြရပြီး ဆေးစစ်မှုနှင့် ကုသမှုအဆင့်သို့ ရောက်ရှိရန် နှောင့်နှေးမှုများ ကြုံတွေ့နေရသည်။
ကူးစက်မှုအနေဖြင့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များအကြား HIV ကူးစက်မှု ပိုမို များပြားလာနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ကူးစက်မှုအသစ်၏ ၄၉ ရာခိုင်နှုန်းမှာ အဆိုပါ အသက်အရွယ်အတွင်း ဖြစ် ကြောင်း သိရသည်။
ချင်းမိုင်ခရိုင် ကျန်းမာရေးဌာနကလည်း ဒစ်ဂျစ်တယ်ခေတ်၏ လူမှုအပြုအမူများကို သတိပေးထားပြီး အချက် အလက်များအရ အမျိုးသားအချင်းချင်း ချိန်းတွေ့သည့် အက်ပလီကေးရှင်း (Dating Apps) များသုံးကာ မသိကျွမ်းသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံကြခြင်းသည်လည်း HIV ကူးစက်နိုင် ခြေကို ပိုမိုမြင့်မားစေကြောင်း ဆိုသည်။
HIV ကူးစက်မှုကို စိုးရိမ်သူများအနေဖြင့် ချင်းမိုင်ခရိုင်တစ်ဝန်းရှိ ဆေးရုံနှင့် ကျန်းမာရေးစင်တာများတွင် သွားရောက်စစ်ဆေးနိုင်ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် အခမဲ့ စစ်ဆေး နိုင်ကြောင်း သိရသည်။
ကိုးကား- Bangkok Post၊ The Thaiger