ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
အာရက္ခတပ်တော် (AA) နှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် ရခိုင်စစ်မျက်နှာနှင့် နယ်စပ်ဒေသများတွင် စစ်အုပ်စုက အင်အားအလုံးအရင်း အသုံးပြုကာ စစ်ကူပို့ စစ်ဆိုင်နေသော်လည်း တပ်ပျက်သည်အထိ အင်အားပြုန်းတီးမှုများ ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်နှင့် အဝတောင်ကျေးရွာအနီး တိုက်ပွဲများ မေလမှစတင် ဖြစ်ပွားခဲ့ရာ တိုက်ပွဲစတင်ချိန်က စစ်တပ်ဘက်မှ အင်အား ၆၀၀ ခန့် အသုံးပြုခဲ့သော်လည်း စစ်ကြောင်းလိုက် ပြုတ်သည်အထိ အထိနာခဲ့သည်။

ထို့ကြောင့် ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် တောင်မော် ဦးရေတပ်သို့ ရေကြောင်းမှတစ်ဆင့် အင်အား ၂၀၀ ကျော် ထပ်မံဖြည့်တင်းကာ ဒဏ်ရာရ သူများကို ပြန်လည်ခေါ်ထုတ်ခဲ့ရပြီး ဇူလိုင် ၂၃ ရက်တွင် မင်းပြင်၊ သိုင်းချောင်းနှင့် အဝတောင်အနီးသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ရသည်။ ထို့အပြင် မြေပြင်တိုက်ပွဲ အသွင်ဆောင် လာသည့် စစ်တွေမြို့တွင်လည်း စစ်တပ်က အင်အားဖြည့်တင်း၍ ခံစစ်ပြင်လျက်ရှိသည်။
“ကျောက်ဖြူတိုက်ပွဲနေရာရော၊ တိုက်ပွဲမဖြစ်ဘဲ ကင်းပုန်းထွက်ကြည့်တဲ့နေရာရော စစ်တပ်က သေဆုံးမှုရှိနေတယ်။ စနိုက်ပါကြောင့် အရာရှိအဆင့်တွေပါ သေကြတယ်။ တပ်ပျက်တဲ့အထိပြေးရ တာတွေက တိုက်ပွဲဖြစ်တာနဲ့ ကြားရတာပဲ” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်မြေပြင်တွင် စစ်အင်အား လိုအပ်ချက်ကြီးမားနေသဖြင့် စစ်တပ်သည် ပဲခူးတိုင်း ပန်းတောင်း တပ်နယ်အတွင်း တပ်ပျက်ထွက်ပြေးခဲ့ရသည့် စကခ-၁၀ တပ်ကိုပင် ပြန်လည်ဆွဲထုတ်ကာ မကွေးတိုင်း နတ်ရေကန်တိုက်ပွဲသို့ ချက်ချင်း ပို့ဆောင်ခဲ့ရသည်။
အဆိုပါတပ်သည်လည်း ဇူလိုင် ၂၆ ရက် အထိ AA ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရသဖြင့် လေကြောင်းနှင့် အမရ-၃၆၈ အမြောက်တပ်တို့မှ ဆက်တိုက် ပစ်ကူပေးနေရသည်။ ထို့ပြင် ရခိုင်နှင့် ချင်းကို ပိတ်ဆို့ရန် ယောနှင့် ဆောနယ်သို့ ပို့သည့် စစ်ကြောင်းများလည်း အင်အား ရာချီ သေဆုံးခဲ့ရပြီး ယခုရက်ပိုင်းအတွင်း ဆောနယ်သို့ ဦးတည်သည့် စစ်ယာဉ်တန်းများ ထပ်မံစေလွှတ်နေကြောင်း သိရသည်။
စစ်အုပ်စုက ရက် ၁၀၀ စီမံချက်ဖြင့် နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တပ်ဖွဲ့များ နေရာယူ၍ ရှေ့တန်းပြန်များ အောင်ပွဲရနေသည်ဟု ဝါဒဖြန့်ထားသည်။
သို့သော် မြေပြင်တွင် ရခိုင်တောင်ပိုင်း ပိတ်ဆို့ရေး အစီအစဉ်၌ အင်အားအများအပြား ပြုန်းတီးခဲ့ သည့်အပြင် အဓိက စခန်းများပါ ဆုံးရှုံးနေရသဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အခြေ စိုက်ရာ ပုသိမ်မြို့အတွက်ပါ ခံစစ်ပြင်နေရပြီဖြစ်ကြောင်း သိရသည်။