ဟိုင်းကြီးကျွန်းမြို့ဇီးချိုင်ရွာရှိ ဒေသခံရခိုင်တိုင်းရင်းသား ၆ ဦးအား စစ်ကောင်စီဖမ်းဆီး

ဧရာဝတီတိုင်းမ်

(ဟိုင်းကြီးကျွန်း)၊ စက်တင်ဘာလ ၁၅ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာမှာ စက်တင်ဘာလ ၁၃ ရက်က စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ဒေသခံရခိုင်တိုင်းရင်းသား ၆ ဦး ကိုဖမ်းဆီးထားကြောင်း ဒေသခံများထံကသိရသည်။

” ၁၃ရက်နေ့က ဇီးချိုင်ရွာလမ်းမှာ ရခိုင်လူမျိုးလူငယ် ၃ ဦး ဆိုင်ကယ်စီးလာတာကို စစ်တပ်က စောင့်ဖမ်းတာ။ ၁၄ ရက်နေ့ကြတော့ ရွာထဲက ရခိုင်အမျိုသမီး ၃ ဦးကို အိမ်တွေမှာလိုက်ဖမ်းတာ ဘာကြောင့်မှန်းတော့ခုထိမသိရဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ် ၃ ဦးရဲ့ဟာ သူတို့ရဲ့ အမျိုးတွေဆီ အလည်လာရောက်သူတွေ ဖြစ်နိုင်ပြီး ဇီးချိုင်ရွာခံရခိုင်အမျိုးသမီး ၃ ဦး ဟာဒေါ်ခင်သန်းဝင်း၊ ဒေါ်သင်းမာရီနဲ့ ဒေါ်သင်းသင်းတို့ဖြစ်ကြကာ နိုင်ငံရေးနဲ့ ပတ်သတ်သူတွေ မဟုတ်ပဲ သာမန်ရွာသားတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှာလဲ ဇီးချိုင်ရွာ ကို ဟိုင်းကြီး ရေတပ်၊ရဲတွေရောက်လာပြီး ရွာကို ပိတ်ဆို့ကာ နေအိမ်တွေကို တစ်အိမ်းချင်းတက်ရောက်ရှာဖွေနေပြီး ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရကာ ခုချိန်ထိရွာက ဖုန်းတွေလဲ စက်ပိတ်ထားတာကြောင့်အဆက်အသွယ်မရဘူးလို့ ဟိုင်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ရက်နေ့ ကလည်း ဟိုင်းကြီးကျွန်းမြို့၊ ​ငါးပြေမကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေးရွာ၊ ဇီးဖြူချောင်းအပြင် ကျွန်းတဖက်ကမ်းရှိ ကျေးရွာများမှ ရခိုင်တိုင်းရင်းသား ဒေသခံ ၃၀ ကျော်ကို

ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်တပ်နှင့်ရဲများက လိုက်လံဖမ်းဆီးခဲ့ပြီး ဟိုင်းကြီးရေတပ်စခန်းမှာနှိပ်စက်မေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွဆီကနေသိရပါတယ်။

#ဟိုင်းကြီးကျွန်း #ဇီးချိုင့် #ဒေသခံရခိုင်တိုင်းရင်းသား #ဖမ်းဆီးထား

#Ayeyarwaddy_Times