ပင်းတယလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနှင့်သားဖြစ်သူတို့ ထောင်ဒဏ် ၆ နှစ်စီချမှတ်ခံရ၊ သားဖြစ်သူမှာ ထောင်တွင်းရိုက်နှက်ခံထားရ

ဧရာဝတီတိုင်းမ်

(ပင်းတယ)၊ စက်တင်ဘာလ ၁၅ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနှင့်သားဖြစ်သူတို့ကို စစ်ကောင်စီမှ ထောင်ဒဏ် ၆ နှစ်စီချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနှင့် သားဖြစ်သူ CDM ဝန်ထမ်း ကိုနေမျိူးထက်တို့ကို စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီလက် အောက်ခံထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ယခုလိုစီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သားဖြစ်သူ ကိုနေမျိုးထက်တွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများနှင့် ညိုမဲစွဲနေသည့်ဒဏ်ရာများတွေ့ရှိရသည်ဟု စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတဦးကပြောသည်။

“သားဖြစ်သူကို ရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့တွေ့ရတယ် ။ လျှပ်စစ်နဲ့အတို့ခံထားရသလိုမျိုး ညိုမဲစွဲနေတဲ့ဒဏ်ရာတွေ။ အမေဖြစ်သူကတော့ ထူးခြားတာမျိူးမရှိပါဘူး”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်ီတပ်က ၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ပင်းတယမြို့၊ ပေါက်တောရပ်ကွက်ရှိ နေအိမ်သို့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးပြီး ၄ လအကြာတွင် ယခုကဲ့သို့ ထောင်တွင်းတရားရုံးက အပြီး သတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်မမလေးသည် ၂၀၁၅ ၊ ၂၀၂၀ ခုနှစ် အထွေထွေရွေး ကောက်ပွဲများတွင် NLD ပါတီကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှဝင်

ရောက်ယှဥ်ပြိုင်ခဲ့ကာ နှစ်ကြိမ်လုံး အနိုင်ရရှိထားသူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အဆိုပါ ပေါက်တောရပ်ကွက်ရှိ ဒေါ်မမလေး၏နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

#AyeyarwaddyTimes