‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၂၇ရက်

‎ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီး၌ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ မုဒိမ်းကျင့်ကာ အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့သူ တရားခံ မောင်တင်ဝင်းအပါအဝင် ပူးပေါင်း ပါဝင်သူ ၃ ဦးကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (ဒီလပ်ရဲတပ်ဖွဲ့) က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ အမဲသားရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သူ တရားခံ မောင်တင်ဝင်း သည် သေဆုံးသူ အမျိုးသမီးနှင့် ၂၀၂၄ ခုနှစ်တည်းက သိကျွမ်းခဲ့သူဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်၊ နံနက် ၁၁ နာရီ ၃၀မိနစ် အချိန်တွင် အဆိုပါ အမျိုးသမီးအား မုဒိမ်းကျင့်ရန် ကြိုတင်ကြံရွယ်ကာ လူမှုရေးကိစ္စ အကြောင်း ပြလိမ်လည်၍ ဇေယျမဏ္ဍိုင်ဘုန်းကြီးကျောင်းအနီးမှ ဘေးတွဲဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ခေါ်ဆောင်ရာတွင် ကြံခင်းကယ်ဆယ်ရေးစခန်း၌ နေထိုင်ကြသည့် မောင်အေးကျော် (ခ) မောင်ပု ၂၉ နှစ်နှင့် မောင်သန်းစိုး (ခ) င/လုံး ၂၁ နှစ် တို့နှစ်ဦးလည်း ဘေးတွဲဆိုင်ကယ်ဖြင့် အတူလိုက်ပါ လာခဲ့ကြသည်။

ထို့နောက် တန်းစွယ်ကျေးရွာအနီး သရက်တောခြံဝင်းအတွင်းရှိ မြောင်ထဲသို့ အရောက်တွင် ကြိုတင် သိုဝှက်ထားသော လက်ထိတ်ဖြင့် အမျိုးသမီးအား လက်ထိတ်ခတ်ရန်နှင့် မျက်လုံးများကို အဝတ်စည်း ထားရန် မောင်တင်ဝင်းက မောင်အေးကျော်နှင့် မောင်သန်းစိုးတို့အား ခိုင်းစေခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးအား လမ်းဘေးတွင် စောင့်ဆိုင်းနေရန် ထွက်ခွာခိုင်းခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

‎ထို့နောက် မောင်တင်ဝင်းသည် အမျိုးသမီးထံမှ ကာမအလိုဆန္ဒ တောင်းဆိုခဲ့ရာ ငြင်းဆန်သဖြင့် အနီးအနားရှိ ကျောက်တုံးဖြင့် ဂုတ်ဆစ်ကို (၁) ချက်၊ နောက်‌စေ့၊ မျက်နှာနှင့် ဦးခေါင်းတို့ကို ထပ်မံထုသတ်ခဲ့သည်။ အမျိုးသမီး သေဆုံးသွားခဲ့ပြီးနောက် မောင်တင်ဝင်းသည် ကျောက်တုံးပေါ်တွင် တင်၍ ၁၀ မိနစ်ခန့် မုဒိမ်းပြုကျင့်ခဲ့ပြီး အလောင်းကို လူမမြင်စေရန် ရေအိုင်ထဲသို့ ဆွဲချကာ ဝှက်ထားခဲ့ ကြောင်း ကိုယ်တိုင် ဝန်ခံထွက်ဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပူးပေါင်းပါဝင်သူ မောင်အေးကျော်နှင့် မောင်သန်းစိုးတို့နှစ်ဦးကို စစ်ဆေးရာတွင်လည်း မောင်တင်ဝင်း၏ ထွက်ဆိုချက်အတိုင်း ကိုက်ညီစွာ ထွက်ဆိုခဲ့ကြသည်။

‎အောင်ဆိပ်ကျေးရွာမှ သေဆုံးသူ အသက် ၂၃နှစ်ရွယ် အမျိုးသမီး၏ အလောင်းကို ကျေးရွာဒေသခံ တချို့က ပြီးခဲ့သည့် ဇူလိုင် ၂၂ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းမှာမှောက်ခုံအနေအထားဖြင့် အောက်ပိုင်းဗလာကျင်းနေပြီး ဆံပင်များကိုလည်း ကိုက်ဖြတ်ထားကာ အမျိုးသမီးအင်္ဂါနှင့် ရင်သားများ ကိုလည်းဓားဖြင့်မွှန်းခံထားရသည်။

‎လက်ရှိတွင် သက်ဆိုင်ရာက တရားခံများအား ချုပ်ရက်ရမန်ရယူခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တရားစွဲဆိုနိုင်ရေး ခိုင်မာသည့် အမှုတွဲတည်ဆောက်ခြင်းများကို ဆောင်ရွက်လျက် ရှိပြီး ဥပဒေအကြံပြုချက်နှင့်အညီ အမြန်ဆုံး တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ဒီလပ်ရဲတပ်ဖွဲ့