ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
စစ်တပ် အကြီးအကဲဟောင်းများဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တို့အပါအဝင် စစ်အာဏာသိမ်းချိန်အထိ အခါတော်ပေးခဲ့သူ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ခ) အရှင်ပညာဝံသ သတ်ဖြတ်ခံခဲ့ရသည့် မှော်ဘီမြို့ရှိ သာသနာ့ရိပ်သာကျောင်းကြီးကို ရွေးတုအစိုးရစစ်တပ်က လာရောက်ချိပ်ပိတ်သွားကြောင်း စုံစမ်းသိရသည်။
စစ်တပ် အကြီးအကဲဟောင်းများဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်တို့အပါအဝင် စစ်အာဏာသိမ်းကာလအထိ အခါတော်ပေးခဲ့သူ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ခ) အရှင်ပညာဝံသ သတ်ဖြတ်ခံခဲ့ရသည့် မှော်ဘီမြို့ရှိ သာသနာ့ရိပ်သာကျောင်းကြီးကို စစ်တပ် တပ်ဖွဲ့များက လာရောက်ချိပ်ပိတ်သွားကြောင်း စုံစမ်းသိရသည်။
ဆရာတော် လုပ်ကြံခံရပြီးနောက် ဇူလိုင်လ ၂၄ ရက်တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး မှော်ဘီမြို့ အမှတ် (၂) ရပ်ကွက်ရှိ မြေဧရိယာ အကျယ်အဝန်း အများအပြား ပါဝင်သည့် စန္ဒကူးမြိုင်ရိပ်သာ ကျောင်းဝင်းတစ်ခုလုံးကို တံဆိပ်ရိုက်၊ ဖဲကြိုးဝါများတားကာ သတိပေးဆိုင်းဘုတ်များကပ်၍ ချိပ်ပိတ်သွားခဲ့ခြင်း ဖြစ်သည်။

မြေပြင်ဓာတ်ပုံများအရလည်း စန္ဒကူးမြိုင်ကျောင်းတိုက် အဝင်ဂိတ်နှင့် ခြံစည်းရိုးတစ်လျှောက်တွင် တားမြစ်ဖဲကြိုးများ တားဆီးထားပြီး အနီရောင် သတိပေးဆိုင်းဘုတ် ချိတ်ဆွဲထားသည်ကို တွေ့ရှိရသည်။
“မနေ့ကမှ စစ်တပ်က အင်အားတန်ဆာအပြည့်နဲ့ ရောက်လာပြီး ကျောင်းဝင်းတစ်ခုလုံးကို တံဆိပ်ရိုက် ဖဲကြိုးဝါတား၊ ဆိုင်းဘုတ်တွေကပ်ပြီး ချိပ်ပိတ်သွားတာ။ ဘာအကြောင်းကြောင့် အခုလို ရုတ်တရက်ကြီး ချိပ်ပိတ်လိုက်လဲဆိုတာတော့ သေချာမသိဘူး” ဟု အဆိုပါ ကျောင်းတိုက် ချိပ်ပိတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းကြီးကျောင်းတွင် ရဟန်းဝတ်ဖြင့် သီတင်းသုံးနေသည့် သက်တော် (၇၅) နှစ်၊ ဝါတော် (၁၅) ဝါရှိ ကျောင်းတိုက်ဆရာတော် ဒေါက်တာဖေဉာဏ်သည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက် နံနက်ပိုင်းက အိပ်ခန်းနှင့် စာကြည့်ခန်းအကူး တံခါးဝ၌ ဓားဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည်ကို စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဒေါက်တာဖေဉာဏ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သက်ပိုင်ထွန်း (ခ) ပိုင်လေး အပါအဝင် သံသယရှိသူ ငါး ဦးကို ဖမ်းဆီးရမိထားကြောင်း ရွေးတုအစိုးရဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့သည်။
စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် အဆက်ဆက် ကိုးကွယ်ခဲ့ပြီး အခါတော်ပေးခဲ့သည့် ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် မည်သည့် အကြောင်းအရင်းကြောင့် အဆိုပါ မြေနေရာနှင့် သာသနာ့ရိပ်သာကို ယခုကဲ့သို့ လာရောက်ချိပ်ပိတ်သွားသည်ဆိုသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပုံစာ-ဒေါက်တာဖေဉာဏ်၏ စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်း