ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် ထားသည်မှာ ၂ နှစ်နီးပါး ကြာမြင့်ပြီဖြစ်သော မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် ကန်ပိုက်တီကို ရွေးတုအစိုးရက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုရှိ ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းအတွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွတ်ဘွမ်ကုမ္ပဏီသည် မိုင်းနားကျေးရွာ – ဝေပါကျေးရွာ – ဝါရှောင်ကျေးရွာ သွားလမ်းမ ကြီးဘေး ၁၃ ကီလိုမီတာအကွာတွင် တည်ရှိပြီး မြေဧရိယာ ၅ ဧက အကျယ်အဝန်းရှိကြောင်း ရွေးတုအစိုးရထံမှ သိရသည်။ ထို့ပြင် ယင်းကုမ္ပဏီ၏ နာယကဖြစ်သူမှာ လက်ရှိ ရွေးတုအစိုးရ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဖြစ်ပြီး တာလောကြီးဒေသအတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
ရွေးတုအစိုးရအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှ အခွန်အခများ ပြန်လည်ရရှိရန်၊ တရားမဝင် ကုန်စည် စီးဆင်းမှုများ ပပျောက်စေရန်နှင့် လုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ရန်အတွက် ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်းဖြစ်သည်ဟု ဆိုထားသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသို့ တစ်သျှူး ငှက်ပျော အပါအဝင် အခြားသီးနှံများ တင်ပို့ရာ ဒုတိယအကြီးဆုံး အဓိက နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။ အာဏာမသိမ်းမီ ကာလက မြန်မာနိုင်ငံဘက်မှ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ ရာဘာတို့ကို တင်ပို့ပြီး တရုတ်နိုင်ငံဘက် မှ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးကုန် ပစ္စည်းများကို ပြန်လည်တင်သွင်းသည်။
သို့သော်လည်း ယင်း ကန်ပိုက်တီမြို့နှင့် နယ်စပ်ဂိတ်တစ်ခုလုံးကို KIA နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး လက်ရှိအချိန် အထိ မြေပြင်တွင် အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်သည်။
မြေပြင်တွင် ကန်ပိုက်တီဂိတ်ကို KIA က ထိန်းချုပ်ထား၍ ရွေးတုအစိုးရက ကြားခံစခန်းတစ်ခုမှ အခွန် ကောက်ခံရန် ကြိုးပမ်းလာခြင်းကြောင့် ကုန်သည်များအနေဖြင့် အဖွဲ့အစည်း နှစ်ခုလုံးထံ အခွန် ပေးဆောင်ရမည့် အခက်အခဲနှင့် ကြုံတွေ့ရနိုင်ပြီး ဒေသတွင်း ကုန်ဈေးနှုန်းများ ပိုမိုမြင့် တက်လာနိုင် ကြောင်း ကုန်သည်များထံမှသိရသည်။
ထို့အပြင် စစ်တပ်သည် ကန်ပိုက်တီ လမ်းပိုင်းကို ပြန်လည်ရရှိရန် လေကြောင်းလိုင်းများနှင့် မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းနေဆဲဖြစ်သဖြင့် ယခုကဲ့သို့ စစ်တပ်ထိန်းချုပ် နယ်မြေ အတွင်း ကုန်ချိန်းကွင်းသစ် ပြောင်းရွှေ့ဖွင့်လှစ်ခြင်းသည် စစ်ရေးအရ ကြားခံနယ်မြေ ဖြစ်ပေါ်လာ နိုင်ကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။
ဓာတ်ပုံ – စီးပွား/ကူးသန်း – ပုံဟောင်း