ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ပြင်သစ်နဲ့ စပိန်နိုင်ငံမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၃ သိန်းကျော် ဘေးလွတ်ရာရွှေ့ ပြောင်းခဲ့ရပြီး စပိန်နိုင်ငံအရှေ့ပိုင်းမှာ စနေနေ့က လူတစ်ဦး သေဆုံးခဲ့ပါတယ်။
ဥရောပနိုင်ငံအသီးသီးမှာ အပူချိန်မြင့်မားပြီး ရာသီဥတု ခြောက်သွေ့နေမှုကြောင့် တောမီးလောင် ကျွမ်းမှုတွေ ဖြစ်ပွားနေတာပါ။
ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်စတီယန်လီကော်နူးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တောမီးလောင် ကျွမ်းမှု ဖြစ်စဉ်ပေါင်း ၃၀ အထိ တစ်ပြိုင်နက်တည်း ဖြစ်ပွားနေတယ်လို့ စနေနေ့က လူမှုကွန်ရက်မှာ ရေး သားခဲ့ပါတယ်။

ပြင်သစ်အာဏာပိုင်တွေက စနေနေ့ညပိုင်းမှာ လူဦးရေ ၅၅၀၀၀ ကို ဘေးလွတ်ရာ ထပ်မံရွှေ့ ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ ရွှေ့ပြောင်းရသူပမာဏဟာ ၂၅၀၀၀၀ အထိ ရှိလာ ခဲ့ပါပြီ။
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဂျီရွန်ဒေသရှိ ဘော်ဒိုးမြို့အနီး အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ ကက်ဖဲရက်ကျွန်းဆွယ်ဝန်းကျင်မှာ တောမီးတွေ ကူးစက်ပြန့်နှံ့နေတာပါ။
ပြင်သစ် ပြည်ထဲရေးဝန်ကြီး လော်ရန့်နူးနက်ဇ်က လက်ရှိမှာ မြေဧကပေါင်း ၁ သိန်းကျော် တော မီးလောင်ကျွမ်းခဲ့ပြီးပြီလို့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ထားပါတယ်။

စပိန်နိုင်ငံမှာ အစိုးရက ကြာသပတေးနေ့မှာ အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ ပြီး မြို့တော်မက်ဒရစ် ပတ်ဝန်းကျင်မှာ မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ ပေမဲ့ မီးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
စပိန်နိုင်ငံအလယ်ပိုင်းမှာတင် လူဦးရေ ၇၀၀၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။
စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာမှာ ဒေသန္တရအာဏာပိုင်တွေက တောမီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦး သေဆုံးသွားခဲ့ပြီလို့ အတည်ပြုထားပါတယ်။
ပြင်သစ်နဲ့ စပိန်နိုင်ငံတို့ဟာ ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုနဲ့ တောမီးလောင်ကျွမ်းမှုကို ဆက် လက် ငြှိမ်းသတ်နေပါတယ်။
ကိုးကား – NHK
Ref; Wildfires force over 300,000 people to evacuate in France, Spain