ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇူလိုင် ၂၆ ရက်)

မြန်မာနိုင်ငံရဲ့ မုတ်သုန်မိုးရာသီမှာ နှစ်စဉ်နှစ်တိုင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက်ပေါင်း များစွာ ဆုံးရှုံးနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ သွေးလွန်တုပ်ကွေးရဲ့ ဘယ်လိုအခြေအနေမျိုးက အသက်အန္တရာယ် ဖြစ်စေတာလဲ ဆိုတာကို ကြိုတင်သိရှိပြီး အချိန်မီ အသက်ကယ်တင်နိုင်ဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကဗျာဆရာတစ်ဦး သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever – DHF) နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဝမ်းနည်းစရာ သတင်းဆိုပေမဲ့ ပြတ်ပြတ်သားသား သတိပေး ချင်တာကတော့ သွေးလွန်တုပ်ကွေးဆိုတာ ကလေးတွေတင်မကဘဲ လူကြီးတွေကိုပါ အသက်အန္တရာယ် ပေးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ပဲ လူအများစု ထင်တတ်ကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ လူကြီးတွေမှာပါ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာနေပါတယ်။ အထူးသဖြင့် အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလို နာတာရှည်ရောဂါအခံ ရှိသူတွေမှာ သွေးလွန်တုပ်ကွေးဖြစ်ရင် ရောဂါအခြေအနေ ပိုပြင်းထန်တတ်ပြီး သေဆုံးနိုင်ခြေ (Mortality rate) က ကလေးတွေထက်တောင် ပိုမြင့်မားပါတယ်။ လူကြီးတွေမှာ ပြတတ်တဲ့ လက္ခဏာ တွေက ကလေးတွေလို မထင်ရှားဘဲ တခြားရောဂါတွေနဲ့ မှားယွင်းတတ်တာကြောင့် ဆေးရုံရောက် နောက်ကျပြီး အသက်အန္တရာယ် ကြုံရလေ့ ရှိပါတယ်။

🟥အဖျားကျခါစ ကာလကို အထူးသတိပြုပါ

သွေးလွန်တုပ်ကွေးရောဂါမှာ အဖျားတက်နေတဲ့ အချိန်ထက် “အဖျားကျခါစ အချိန်” က အသက် အန္တရာယ် အရှိဆုံးဖြစ်ပြီး ဆေးပညာအရ စိုးရိမ်ရသည့်ကာလ (Critical Phase) လို့ ခေါ်ပါတယ်။ အဖျားရက် ၃ ရက်ကနေ ၅ ရက်အတွင်း ကိုယ်အပူချိန် လျော့ကျသွားတဲ့အခါ လူနာဟာ ရောဂါသက်သာ သွားပြီလို့ အထင်မှားတတ်ကြပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ သွေးကြောလေးတွေရဲ့ အလုပ်လုပ် နိုင်စွမ်း ထိခိုက်ပြီး သွေးရည်ကြည်တွေ သွေးကြောပြင်ပကို ယိုစိမ့်ထွက်ခြင်း (Plasma Leakage) စတင်ဖြစ်ပွားတာပါ။ ဒီအချိန်မှာ စနစ်တကျ မကုသနိုင်ရင် သွေးလန့်ခြင်း (Dengue Shock Syndrome) ဖြစ်ပြီး ခန္ဓာကိုယ် ကလီစာတွေ ပျက်စီးကာ အသက်ဆုံးရှုံးရပါတော့တယ်။

ဒါကြောင့် အဖျားတက်နေချိန်တင်မကဘဲ အဖျားကျသွားတဲ့ အချိန်မှာပါ အောက်ပါ “သတိပေး လက္ခဏာများ (Warning Signs)” တစ်ခုခုပြလာရင် အိမ်မှာ ဆက်မထားဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ရပါမယ်။

-ဗိုက်အောင့်ခြင်း၊ ဗိုက်ကိုဖိလျှင် ပြင်းထန်စွာနာကျင်ခြင်း။
-မကြာခဏ အော့အန်ခြင်း (တစ်နေ့လျှင် ၃ ကြိမ်ထက်ပို၍ အန်ခြင်း)။
-သွားဖုံးမှသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊အန်ဖတ်ထဲတွင် သွေးပါခြင်း စတဲ့ တနေနေရာမှ သွေးထွက်ခြင်း။
-အလွန်အမင်း နုံးခွေခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ စိတ်ကယောင်ကတမ်းဖြစ်ခြင်း။
-အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခဲလာခြင်း။
-ခြေဖျားလက်ဖျားများ အေးစက်လာပြီးဒူးနှင့် တံတောင်ဆစ်အထိ အေးလာပြီး ဖြူလျော့လာခြင်း တွေက ချက်ချင်းဆေးရုံပြရမယ့် “သတိပေးလက္ခဏာများ” (Warning Signs) တွေပါပဲ။

🟥သွေးလွန်တုပ်ကွေးရောဂါ၏ ကာလ ၃ ခု (Day-by-Day Phases)

သွေးလွန်တုပ်ကွေးဟာ ဖြစ်ဖြစ်ချင်းကနေ ပျောက်ကင်းတဲ့အထိ တစ်ပတ်ဝန်းကျင် ကြာမြင့်တတ်ပြီး ကာလ ၃ ခုကို နေ့ရက်အလိုက် ဖြတ်သန်းရပါတယ်။

◾️အဖျားတက်သည့်ကာလ (Febrile Phase – Day 1 မှ Day 3/4)
စဖျားတဲ့နေ့ကနေ ရေတွက်ရင် ကိုယ်အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ အပြင်းအထန် ရုတ်တရက် တက်လာနိုင်ပါတယ်။ မျက်တွင်းအိမ် နာကျင်ကိုက်ခဲခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အရိုးများ ကိုက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။ အရိုးတွေကျိုးထွက်မတတ် နာကျင်လွန်းတာကြောင့် “Breakbone fever” လို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။

◾️စိုးရိမ်ရသည့်ကာလ (Critical Phase – Day 4 မှ Day 6)
အထူးသတိထား စောင့်ကြည့်ရမယ့် ကာလပါ။ အဖျား ရုတ်တရက် ကျသွားတတ်ပြီး ဒါဟာ ပြန်ကောင်း လာတာ မဟုတ်ဘဲ အန္တရာယ်အရှိဆုံး အချိန် ဖြစ်ပါတယ်။ သွေးကြောထဲက သွေးရည်ကြည်တွေ အပြင်ကို ယိုစိမ့်ထွက်ခြင်း (Plasma Leakage)၊ သွေးဥမွှား (Platelets) လျင်မြန်စွာ ကျဆင်းခြင်းတို့ ဖြစ်ပွားပါတယ်။ Warning Signs လက္ခဏာများ ပြလာပါက ချက်ချင်း ဆေးရုံတင် ကုသရပါမယ်။

◾️ပြန်လည်နာလန်ထူကာလ (Recovery Phase – Day 7/8 နောက်ပိုင်း)
စိုးရိမ်ရတဲ့ကာလကို ကျော်လွှားနိုင်ပြီး ပြန်လည်သက်သာ ပျောက်ကင်းတဲ့ အချိန်ပါ။ ခန္ဓာကိုယ်က ယိုစိမ့်သွားတဲ့ သွေးရည်ကြည်တွေကို သွေးကြောထဲ ပြန်လည်စုပ်ယူပါတယ်။ လူနာ စားနိုင်သောက် နိုင်လာပြီး အားပြန်ပြည့်လာပါတယ်။ တစ်ကိုယ်လုံးမှာ ယားယံတဲ့ အနီကွက်လေးတွေ (Recovery rash) ပေါ်လာတတ်ပြီး ဒါဟာ ရောဂါပျောက်ကင်းတော့မယ့် လက္ခဏာဖြစ်ပါတယ်။

🟥အိမ်တွင် ပြုစုချိန် သတိပြုဆင်ခြင်ရန်များ

သွေးလွန်တုပ်ကွေးသံသယရှိရင် အိမ်တွင်းပြုစုမှု အမှားအယွင်းကြောင့် လူနာကို အသက်အန္တရာယ် ပိုတွန်းပို့သလို ဖြစ်တတ်ပါတယ်။

အကိုက်အခဲပျောက်ဆေးများ လုံးဝမတိုက်ပါနှင့်။ အဖျားကျစေဖို့ ပါရာစီတမော (Paracetamol) တစ်မျိုးတည်းကိုသာ တိုက်ရပါမယ်။ အိုင်ဗျူပရိုဖန် (Ibuprofen)၊ အက်စပရင် (Aspirin) နဲ့ ဒိုင်ကလိုဖန်းနဂ် (Diclofenac) စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို မတိုက်ရပါဘူး။ အဲဒီဆေးတွေဟာ သွေးယိုစိမ့်မှုကို ပိုမိုပြင်းထန်စေပြီး အစာအိမ်သွေးကြောပေါက်ကာ လူနာကို အချိန်တိုအတွင်း သေဆုံးစေနိုင်ပါတယ်။ ဖျားတဲ့အခါ ဆရာဝန်မပြဘဲ စပ်ဆေးသောက်ခြင်းဟာ သွေးလွန်တုပ်‌ကွေး ရောဂါကို အန္တရာယ်တွင်းထဲ ပို့သလို ဖြစ်စေပါတယ်။

ဆေးမထိုးပါနဲ့။ အဖျားကျဖို့ ဆေးထိုးခြင်းဟာ ဆေးထိုးလိုက်တဲ့ ထိုးကင်းအသားအတွင်း ကြွက်သား ကနေ သွေးမတိတ်ဘဲ အတွင်းသွေးယိုစိမ့်မှု ဖြစ်စေနိုင်ပါတယ်။ ဖျားတိုင်း ဆေးထိုးချင်ကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် အထူးသတိပြုစရာ ဖြစ်ပါတယ်။

🟥သွေးလွန်တုပ်ကွေးရောဂါကုသခြင်း

လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ရိုက်သတ်နိုင်တဲ့ ဆေးမရှိသေးပါဘူး။ လူနာရဲ့ လက္ခဏာတွေကို လိုက်ပြီး ဝေဒနာသက်သာအောင် ပြုစုပေးရတဲ့ “ပံ့ပိုးကုသနည်း (Supportive Care)” သက်သက်သာ ဖြစ်ပါတယ်။

ရေဓာတ်ဖြည့်တင်းခြင်းကသာ အဓိကအကျဆုံးဖြစ်ပါတယ်။ သွေးရည်ကြည် ယိုစိမ့်မှုကို ကာကွယ်ဖို့ ဓာတ်ဆားရည် (ORS)၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်ရည်တို့ကို မကြာခဏ သောက်ပေးရပါမယ်။ ရေသန့်သက်သက်ချည်းပဲ အများကြီးသောက်တာက ခန္ဓာကိုယ်တွင်း ဆားဓာတ်မမျှတမှု ဖြစ်တတ်လို့ ဓာတ်ဆားရည်ကို ဦးစားပေး သောက်ရပါမယ်။

အဖျားကျဖို့ နှင့် အကိုက်အခဲသက်သာဖို့ဆိုရင်လည်း ပါရာစီတမော (Paracetamol) ကိုသာ တိုက်ရပါ မယ်။ ဆေးရုံတင် ကုသတဲ့အခါမှာလည်း သွေးစစ်ဆေးခြင်း (CBC) ပုံမှန်လုပ်ဆောင်ပြီး လိုအပ်မှသာ သွေးကြောသွင်း ဆေးရည် (IV fluids) များကိုသာ စနစ်တကျ တွက်ချက်ပေးသွင်း ကုသပေးမှာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးမှာ platelets သွေးဥမွှားကျတိုင်း သွေးရည်ကြည်ပေးကုသတာတွေ မလိုအပ်ပါဘူး။ ခေတ်သစ် ဆေးပညာလမ်းညွှန်ချက်များ (WHO Guideline) အရ သွေးလွန်တုပ်ကွေး ပြင်းထန် လူနာတွေကို ကုသရာမှာ Fresh Frozen Plasma (FFP) ခေါ် သွေးရည်ကြည်သွင်းခြင်းကို ပုံမှန်အားဖြင့် အားမပေးပါဘူး။မလိုအပ်ပါဘူး။

အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစိမ့်ပြီး သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ပြင်းထန်စွာ သွေးလန့်ခြင်းနဲ့ သွေးနီဥသိပ်သည်းဆ (Hematocrit – Hct) ရုတ်တရက် ထိုးကျသွားခြင်း စတဲ့ ခန္ဓာကိုယ်ထဲမှာ သွေးအများကြီး ထွက်နေပြီလို့ ယူဆရတဲ့ အခြေအနေမျိုးရောက်မှသာ အသက်လုဖို့ သွေးနီဥ (Packed Red Blood Cells) တွေကို သွင်းရတာ ဖြစ်ပါတယ်။

🟥ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ (Prevention)

သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ ခြင်ကျား (Aedes mosquito) ကို နှိမ်နင်းပြီး ခြင်ကိုက်မခံရအောင် နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။

ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ဥချတတ်တာကြောင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေကန်များကို ဖုံးအုပ်ထားပါ။ ပန်းအိုးနဲ့ သောက်တော်ရေခွက်များမှ ရေကို မကြာခဏ လဲလှယ်ပေးပါ။ တာယာ ဟောင်းနဲ့ ဘူးခွံများထဲ ရေမတင်ကျန်အောင် သွန်ပစ်ပါ။ “ဖုံး၊ သွန်၊ လဲ၊ စစ်” နည်းလမ်းတွေကို အထူးဂရုပြု လိုက်နာပါ။

နေ့ခင်းဘက် အိပ်ရင်လည်း ခြင်ထောင်နဲ့ အိပ်ပါ။ လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။ DEET ပါဝင်သော ခြင်ပြေးလိမ်းဆေး (Mosquito repellent) များကို အသုံးပြုပါ။

ဆေးပညာအရ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးအချို့ ရှိနေပြီဖြစ်တာကြောင့် မိမိနဲ့ သင့်တော်မှု ရှိ၊ မရှိကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေး (Dengue Vaccine) ထိုးနှံနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးငယ်တွေကိုတင်မကဘဲ မိဘဘိုးဘွား၊ သက်ကြီးရွယ်အို အရွယ် မရွေး အသက်အန္တရာယ် ပေးနိုင်တဲ့ ရောဂါဆိုးဖြစ်ပါတယ်။ မိုးရာသီကာလအတွင်း အဖျားတက် လာခဲ့ရင် ပေါ့ဆမနေဘဲ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေကို အမြဲထည့်သွင်းစဉ်းစားပါ။ ဖျားစဉ်မှာ တင်မကဘဲ အဖျားကျသွားစဉ်မှာလည်း Warning Signs သတိပေးလက္ခဏာတွေကို စောင့်ကြည့်ပြီး အချိန်မီ ဆေးရုံတင်ကုသနိုင်ဖို့ စီစဉ်ကာ မိမိတို့ မိသားစုဝင်တွေရဲ့ အသက်ကို ဘေးကင်းအောင် ကာကွယ်စောင့်ရှောက်ကြပါလို့ တိုက်တွန်းပါရစေ။

နောက်တစ်ပတ်မှာတော့ “အော်တစ်ဇင် (Autism)” အကြောင်း ဖော်ပြပေးသွားမှာဖြစ်လို့ ဧရာ၀တီ တိုင်းမ်ပရိသတ်များ စောင့်မျှော်ကြပါဦးခင်ဗျာ။ အားလုံးပဲ ကျန်းကျန်းမာမာနဲ့ မိုးရာသီကို ကျော်ဖြတ်နိုင်ကြပါစေ။