ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာကျိုး‌ပေါက်မှုကြောင့် မြို့ငါးမြို့ရေကြီးရေလျှံမှုဖြစ်ပေါ်ရပြီးနောက် ၄၁ ရက်အကြာတွင် ငဝန်တာ၏ ရေဝင်လမ်းကြောင်းကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ငဝန်မြစ်ရေ မြင့်တက်လာမှုတို့ကြောင့် ငဝန်တာ ပေ ၁၁၀ နီးပါးကျိုးပေါက်သွားခြင်းဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့တွင် ရေဝင်လမ်းကြောင်းတားဆီးနိုင်ခြင်းဖြစ်ကြောင်း ရွေးတုအစိုးရထုတ်ပြန်သည်။

ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့အပါအဝင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်းမြို့နယ်များတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

တာကျိုးကို ပိတ်နိုင်ပြီဟုဆိုသော်လည်း ရေကြီးရေလျှံမှုဖြစ်ပွားသည့် မြို့ငါးမြို့တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ပြည်သူများနေထိုင်နေရဆဲဖြစ်သည်။ယင်းပြင် ရေကျသွားသည့် နေရာအချို့၌ သန့်ရှင်းရေးပြုလုပ်နေကြောင်းသိရသည်။

 

လက်ရှိတွင် Steel Sheet Pile များအတွက်အကာအရံဖြစ်စေရန် Jumbo Bags(သဲအိတ်)များ ဆက်လက်ချခြင်း၊ သဲအိတ်များကာရံခြင်းနှင့် သောင်တူးရေယာဉ်ဖြင့် ရေနက်အိုးအတွင်းသို့ သဲမှုတ်ထည့်ခြင်း၊ Sheet Pile များအားခိုင်မာမှုရှိစေရန် Concrete Sinker အတုံးများချခြင်း၊ သံမဏိဒေါက်တိုင်များ ထပ်မံကျားကန် ထောက်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါငဝန်တာကျိုးပေါက်မှုကြောင့် သေသုံးသူ ဆယ်ဦးခန့်ရှိနိုင်၍ ရေဘေးသင့်သူသိန်းနှင့်ရှိကာ စပါးစိုက်ဧကသောင်းဂဏန်းမှ သိန်းဂဏန်းအထိပျက်စီးသွားကြောင်းသိရသည်။

 

ငဝန်ရေကာတာသည် လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၁၉/၁ မှ ၃၉/၀ အထိ မိုင် ၂၀ ခန့်ရှည်လျားပြီး မြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုတို့ကို ကာကွယ်ထားရာ အဆိုပါနေရာတွင် ရေကျော်စီးဝင်မှု စတင်ခဲ့ခြင်းဖြစ်သည်။