ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

 

ထိုင်း-ကမ္ဘောဒီးယား အခြေအနေဆိုင်ရာ ပူးတွဲသတင်းအချက်အလက်စင်တာ (JIC) ၏ ဒါရိုက်တာဖြစ်သူက အာဆီယံလေ့လာစောင့်ကြည့်ရေး အဖွဲ့ (AOT) နှင့် နိုင်ငံတကာ သတင်းထောက်များအား ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ O’Smach မြို့ရှိ ကျားဖြန့် ခြံဝင်းများနှင့် စစ်ဘက်ဆိုင်ရာ အသုံးပြုခဲ့သည့်နေရာများကို လိုက်လံပြသခဲ့ကြောင်း သိရသည်။

 

နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲများအပြီး ထိုင်းစစ်တပ်က ကိုးလကြာ ထိန်းချုပ်ထားသည့် O’Smach ဒေသရှိ ဟက်တာ ၈၀ ကျော် ကျယ်ဝန်းသော ဧရိ ယာအတွင်း အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ အတွက် အသုံးပြုသည့် အဆောက်အအုံ ၁၅၇ လုံး ရှိကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ပြင် အဆိုပါ ခြံဝင်းအတွင်း၌ သံသယဖြစ်ဖွယ် ခွဲစိတ်ခန်းတစ်ခု ပါ ဝင်ပြီး လုပ်ငန်းပစ်မှတ် မပြည့်မီ၍ ညှင်းပန်းနှိပ်စက်ခံရသူများ၏ ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူရောင်းချသည်ဟု သံသယရှိသည့် ကျုံးနန် (Zhong Nan) အမည်ရှိ ဆေးရုံတစ်ရုံကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

 

ကမ္ဘောဒီးယား စစ်တပ်သည် အဆိုပါ အဆောက်အအုံများအနက် ကမ္ဘောဒီးယား စစ်စခန်း ၆ ခုကို အခြေစိုက်၍ လက်နက်ခဲယမ်းများ သိုလှောင်ခြင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ရာ နေရာများအဖြစ် အသုံးပြုခဲ့ကြောင်း ထိုင်းစစ်တပ်က ဆိုသည်။

ထို့ပြင် ကျားဖြန့်လုပ်ငန်းများတွင် သားကောင်များကို ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်လိမ်လည်ရန် အတွက် တရုတ်၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ဩစတြေးလျ၊ စင်ကာပူနှင့် ဗီယက်နမ် အပါအဝင် နိုင်ငံအများအပြား၏ ရဲစခန်းအတုများကိုလည်း ဖန်တီးထားသည်ကို တွေ့ရှိခဲ့သည်။

 

ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား အစိုးရဘက်က စွပ်စွဲထားသကဲ့သို့ ကျားဖြန့်လိမ်လည် မှုများကို အကြောင်း ပြကာ ကမ္ဘော ဒီးယား နယ်မြေများကို သိမ်းပိုက်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း JIC ဒါရိုက်တာက နိုင်ငံတကာသို့ ပြောကြားခဲ့သည်။

ကိုးကား – The Nation Thailand