ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

 

ရွေးတုအစိုးရသည် စက်သုံးဆီ ချွေတာရန်အတွက် မော်တော်ယာဉ်များကို ရက်စွဲပေါ် မူတည်၍ “စုံ” ရက်၊ “မ” ရက် ခွဲခြားမောင်းနှင်ရသည့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း ယနေ့ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

 

အဆိုပါ စုံ/မ မောင်းနှင်မှု ကန့်သတ်ချက် ပယ်ဖျက်လိုက်ခြင်းကြောင့် မော်တော်ယာဉ်များအား ပုံမှန်အတိုင်း လွတ်လပ်စွာ မောင်းနှင်နိုင်မည် ဖြစ်သော်လည်း စက်သုံးဆီဆိုင်များတွင် ဆီဖြည့်တင်း ဝယ်ယူရာ၌မူ စုံ/မ သတ်မှတ်ရက်နှင့် QR ကုဒ်စနစ်အတိုင်း ဆက်လက် ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

“အဲဒီလို စက်သုံးဆီ ချွေတာရေး လုပ်ထားလို့ ဆီထည့်ဖို့နဲ့ ကလေး ကျောင်းပို့ဖို့အတွက် အိမ်ကား အမည်းနံပါတ်ကို ရောင်းလိုက်ပြီး တက္ကစီ အနီနံပါတ်ကား ဝယ်ထားတာ မကြာသေးဘူး။ အနီနံပါတ်နဲ့ ကားကောင်းတွေက ရောင်းကွက်မှာ ရှားနေပြီဆိုတော့ ပိုက်ဆံပိုကုန်သွားတယ်” ဟု ရန်ကုန်မြို့ခံ ယာဉ်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စက်သုံးဆီ သုံးစွဲမှုမှာ ပုံမှန် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ သွားလာရေး အဆင် ပြေစေရန်နှင့် စီးပွားရေးလုပ်ငန်းများ အဟန့်အတားမရှိ လည်ပတ်နိုင်ရန်ဖြစ်ကြောင်း ရွေးတု အစိုးရက ဆိုထားသည်။

 

ရွေးတုအစိုးရသည် စက်သုံးဆီ ဖြန့်ဖြူးချွေတာရေး မူဝါဒဟု ဆိုကာ စုံရက်များတွင် စုံနံပါတ် အက္ခရာပါသော ယာဉ်များနှင့် မရက်များတွင် မနံပါတ် အက္ခရာပါသော ယာဉ်များကို ခွဲခြားမောင်းနှင်ရန် ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ထုတ်ပြန် ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်