ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများထံမှ လာဘ်ငွေယူ၍ အမှုမှ ကင်းလွတ်ခွင့်ပြုခဲ့သည့် ရွေးတုအစိုးရ လက်အောက်ခံ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန်းဇော်မျိုးအား ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။
ဒုရဲအုပ် သန်းဇော်မျိုးသည် ပုသိမ်မြို့နယ် နယ်မြေရွေးတုအစိုးရ ရဲစခန်းတွင် တာဝန်ကျစဉ် မူးယစ်ဆေးဝါး သုံးစွဲသူများ၊ ရောင်းဝယ်သူများထံမှ လာဘ်ငွေ ရယူကာ ဖမ်းဆီးအရေးယူခြင်း မရှိဘဲ လွှတ်ပေးခဲ့မှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသူ ဖြစ်သည်။
“သူက နယ်ထိန်းခေါင်းဆောင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး မူးယစ်လိုင်းတွေဆီက ငွေအဓမ္မတောင်းတာ၊ အမှုဖျောက်ပေးတာတွေ လုပ်ခဲ့တာ။ အခု ဘက်ရဲစခန်းကို ပြောင်းသွားချိန်မှာလည်း ဒီလိုပဲ လောင်းကစားဝိုင်းတွေဆီက လာဘ်ယူတာ၊ လိုင်စင်မဲ့ကားစီးတာတွေ ဆက်လုပ်နေတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ယင်းနောက် ၎င်းအား ရွေးတုအစိုးရ လက်အောက်ခံ ဘက်ရဲစခန်းသို့ အပြောင်းအရွှေ့ ပြုလုပ်ခဲ့ပြီး ကျန်ရှိသည့် အမှုစစ်ဆေးချက်များအရ ပြစ်မှုထင်ရှားသဖြင့် ပုသိမ်မြို့နယ် တရားရုံးက ယခုကဲ့သို့ ထောင်ဒဏ် မိန့်ချလိုက်ခြင်းဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
ထို့ပြင် ဒုရဲအုပ် သန်းဇော်မျိုးသည် KTV များတွင် အမျိုးသမီးများနှင့်အတူ မူးယစ်ဆေးဝါး သောက်စားပျော်ပါးလေ့ရှိသူဖြစ်ပြီး မူးယစ်ဆေး ရောင်းဝယ်သူများ၊ လူမိုက်များနှင့် ရောနှောနေထိုင်သူဖြစ်သဖြင့် ဘက်ရဲစခန်းနယ်မြေအတွင်းရှိ ဒေသခံ ပြည်သူများမှာ ဘေးအန္တရာယ် စိုးရိမ်ရသဖြင့် ငြိမ်ခံနေခဲ့ရကြောင်း သိရသည်။