ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ အသက် (၇၄) နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကြီးအား အသက်ရှူကျပ်အောင် ပြုလုပ်သတ်ဖြတ်ကာ စိန်နားကပ်၊ ဆွဲကြိုးနှင့် ဖုန်းများ လုယက်ထွက်ပြေးသွားသည့် အိမ်အကူ သားအမိကို ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်ရက်၌ပင် ကျုံမငေးမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်တွင် နေထိုင်သည့် အိမ်ရှင်ဖြစ်သူ ဒေါ်သိန်းမြင့်၏ ခင်ပွန်းဖြစ်သူ နေအိမ်၌ မရှိချိန်ကို အခွင့်ကောင်းယူ၍ အိမ်အကူ လုပ်ကိုင်နေသူ တင်နွယ် ၅၈ နှစ် နှင့် သမီးဖြစ်သူ အေးမြတ်မွန် (ခ) သူသူ ၁၇ နှစ် တို့က အိမ်ရှင်အမျိုးသမီး၏ မျက်နှာကို ခေါင်းအုံး၊ စောင်တို့ဖြင့် အုပ်၍ ဖိသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့ သားအမိသည် သေဆုံးသူ ဝတ်ဆင်ထားသည့် စိန်နားကပ် တစ် ရံ၊ ပလက်တီနမ်ဆွဲကြိုး တစ် ကုံးအပြင် Samsung ဖုန်းနှင့် Tablet တို့ကို လုယူကာ ထွက်ပြေးသွားကြကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ လူသတ်လုယက်မှုနှင့် ပတ်သက်၍ ဗိုလ်တစ်ထောင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ရာ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်း၊ ကျုံမငေးမြို့ အဝေးပြေးကားဝင်း၌ ပြစ်မှုကျူးလွန်သူ သားအမိနှစ်ဦးကို သက်သေခံဖုန်းများ၊ Tablet နှင့် ရတနာပစ္စည်းများ ရောင်းချထားသည့် ငွေကျပ် ၂၄၅ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် အဆိုပါနေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်သည်မှာ ၁ လကျော်မျှသာ ရှိသေးပြီး ငွေကြေးလိုအပ်ချက်ကြောင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသဖြင့် ရွေးတုအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က တရားဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။