ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ရွေးတုအစိုးရ ပြည်ထဲရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမောင်းနှင်လာသော ကားက စစ်ဘက်အရာရှိနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးတစ်ဦး သေဆုံးကာ အခြားအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲဘက်ဆိုင်ရာ သတင်းရင်းမြစ်ထံမှ သိရသည်။
ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်နှင့် ပေါင်းလောင်း (၁) ရပ်ကွက်အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မောင်းနှင်လာသည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝင်းနိုင်ထွန်း၏ ကားသည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မောင်းနှင်နေသော ဆိုင်ကယ်ကို အနောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
“ယာဉ်တိုက်မှုဖြစ်တာကတော့ အမှန်ပါပဲ။ ည ၁၁ နာရီလောက်မှာ ဖြစ်တာပါ။ ကျနော်တို့ အခင်းဖြစ်နေရာရောက်တော့ လူနာနှစ်ယောက်စလုံးကို ဆေးရုံကို ချက်ချင်းကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ပို့ပေးစဉ်အချိန်အထိတော့ နှစ်ယောက်စလုံး သေဆုံးတာမရှိသေးပါဘူး” ဟု သွားရောက်ကူညီခဲ့သည့် မြို့နယ်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင် ပါရှိသည့် အင်းတကော် အမှတ် (၃) စစ်အကူစိုက်ပျိုးရေးနှင့် မွေးမြူရေးတပ်သို့ ပြောင်းရွှေ့ရန် တာဝန်ကျထားသူ အမှတ် (၁) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း (ထဆရ-၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းမှာ ဦးခေါင်းပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံ၌ သေဆုံးသွားခဲ့သည်။
ထို့ပြင် စီးနင်းလိုက်ပါလာသူ ထဆရ-၁ မှ ဒုအရာခံဗိုလ် ပြည့်ငြိမ်းတွင်လည်း ခြေထောက်ကျိုးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ ရွေးတုအစိုးရ လက်အောက်ခံ သက်ဆိုင်ရာ ရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ လူသေစေမှုတို့ဖြင့် အမှုဖွင့်လှစ်ကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ
ပုံစာ-ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၏ ကိုယ်ရေးအရာရှိ pso ဗိုလ်ကြီး ဝင်းနိုင်ထွန်း မောင်းသည့်ကား ဝင်တိုက်၍ ထဆရ-၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး