ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

 

ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ယူလာသည့် ထိုင်းကုန်စည်များကို ရွေးတုအစိုးရက တင်းကျပ်စွာ စစ်ဆေးနေပြီး တစ်နိုင်တစ်ပိုင် သုံးစွဲမည့် အခြေခံ လူသုံးကုန် ပစ္စည်းများကိုပင် သယ်ယူခွင့်မပြုဘဲ ကုန်တင်ယာဉ်များကိုပါ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ် နေကြောင်း သိရသည်။

 

လက်ရှိတွင် ရွေးတုအစိုးရသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ် ထားသော်လည်း ထိုင်းကုန်စည်များကို တရားဝင် သယ်ဆောင်ခွင့် မပြုဘဲ တင်းကျပ်စွာ တားဆီးထားပြီး အိမ်သုံးရန် တစ်ကိုယ်ရည်စာ တစ်နိုင်တစ်ပိုင် သယ်ယူသူများကိုပင် ခွင့်ပြုပေးခြင်း မရှိကြောင်း သိရသည်။

 

“အိမ်အတွက် ပစ္စည်းနည်းနည်း ပို့ဖို့တောင် မရဘူး။ အိမ်စီး လူတင်တဲ့ ကားသမားတွေကလည်း တင်မသွားပေးရဲဘူး။ Deli ရုံးတွေကလည်း ပစ္စည်းပို့တာ လက်မခံဘူး ပြောတယ်။ အဝတ်အစား လောက်ပဲရတာ။ ကုန်ပစ္စည်းတွေ ဘာမှ မရဘူး။ ကုန်ကား အကြီးတွေကတော့ သယ်နေတယ် ဆိုပေမဲ့ ဖမ်းခံရတာတွေလည်း ရှိနေတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တစ်လျှောက်တွင် ရွေးတုအစိုးရစစ်တပ်၏ စစ်ဆေးရေး ဂိတ်များစွာ ချထားပြီး ခရီးသည်တင် ယာဉ်များကိုပါ တင်းကျပ်စွာ စစ်ဆေးနေသဖြင့် ကုန်ပစ္စည်း သယ်ယူလိုသူများမှာ အခြားမှ မှောင်ခို သယ်ယူနေရကြောင်း သိရသည်။

 

ထို့ပြင် နယ်စပ် ထိုင်းကုန်စည် သယ်ယူမှုကို DKBA နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များက လုံခြုံရေးယူကာ ပို့ဆောင်ပေးနေမှုများ ရှိသော်လည်း ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဘားအံနှင့် လှိုင်းဘွဲ့ မြို့နယ်များရှိ အဆိုပါ တပ်ဖွဲ့များ လုံခြုံရေးယူပေးထားသည့် ထိုင်းကုန်စည် ဂိုဒေါင်များနှင့် ကုန်တင်ကားများကို ရွေးတုအစိုးရ တပ်ဖွဲ့ဝင်များက ဝင်ရောက် သိမ်းဆည်းခဲ့သည်။

 

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်ကလည်း ကျိုက်မရောမြို့နယ်အတွင်း၌ ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့မှတစ်ဆင့် ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ကား အစီး ၆၀ နီးပါးကို ရွေးတုအစိုးရ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

လက်ရှိတွင် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းနှင့် ရန်ကုန်-ဘားအံ လမ်းပိုင်း စသည့် အဓိက လမ်းမကြီးများပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် ထိုင်းကုန်စည်များကို တင်းကျပ်စွာ စစ်ဆေး ပိတ်ဆို့နေသည့်အတွက် ပြည်တွင်း၌ ထိုင်းသွင်းကုန် ပစ္စည်းများ ပြတ်လပ်ကာ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိသည်။

 

ဓာတ်ပုံ – အင်တာနက်