ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ရက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့မှ ထိပ်သီးခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ ရခိုင်ဒေသ ရေဘေးကူညီရေးနှင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်နှင့် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ် စကားပြောကြားခဲ့သည်။

တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအပြင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ခဲ့ကြသည်။
ထို့အပြင် SCEF ခေါင်းဆောင်များက ကောင်စီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

SCEF သည် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူများက ပိုင်ဆိုင်သည်ဟူသော “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ” မူကို ကိုင်စွဲထားသည်။ SCEF တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူ့ကိုယ်စား လှယ်များ ပါဝင်သည့် “စုပေါင်းခေါင်းဆောင်မှု ” ဖြင့် မူဝါဒတစ်ရပ် တည်း၊ မဟာဗျူဟာတစ်ရပ်တည်းကို အခြေခံကာ ဖော်ဆောင်နေသည့် အဖွဲ့ အစည်းဖြစ်သည်။
လက်ရှိတွင် ULA/AA သည် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားကာ တရုတ်၊ အိန္ဒိယတို့၏ အခြေခံအဆောက်အအုံ စီမံကိန်းများကိုပါ ကိုင်တွယ် ထားသည့် အင်းအားတောင့်တင်းသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခု ဖြစ်သည်။