
မအူပင်မြို့တွင် စစ်ကောင်စီက သက်သာချောင်ချိရေး ဖိအားပေးရောင်းစေမှုကြောင့် လုပ်ငန်းရှင်များ အရှုံးပေါ်နေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ စက်တင်ဘာလ ၁၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီက သက်သာချောင်ချိရေးဆိုကာ ဝါဒဖြန့်ဖို့အတွက် အခြေခံစားသုံးကုန်တွေကို ဈေးလျော့ရောင်းခိုင်းတာကြောင့် လုပ်ငန်းရှင်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖိအားပေးကာ ဆန် ၁ ပြည်ကို ၁၅၀၀ ကျပ်၊ ဆီ ၁ ပိဿာကို ၅၀၀၀ ကျပ်နဲ့ ဖိအားပေးရောင်းချခိုင်းတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ အရင်းတောင်မရဘဲအရှုံးပေါ်နေရတာလို့ ဒေသခံ လုပ်ငန်းရှင်တွေက ပြောပါတယ်။
“ သူတို့က လုပ်ငန်းရှင်တဦးကို စားဆီ ၂ ပေပါ မဖြစ်မနေရောင်းခိုင်းတယ် ရောင်းခိုင်းတာကလည်း အပြင် ပေါက်ဈေးထက် တဝက်လျော့ပြီးရောင်းခိုင်းတာ အဲ့တော့ အရှုံးပေါ်တာပေါ့”လို့ ဒေသခံလုပ်ငန်းရှင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆန်ရောင်းချရတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အပြင်ပေါက်ဈေး ၂၀၀၀ နီးပါးရှိချိန်မှာ ၁၅၀၀ ကျပ်နဲ့ရောင်းချ ရတာကြောင့် ခံသာပေမယ့် စားဆီရောင်းချရတဲ့လုပ်ငန်းရှင်တွေအနေနဲ့ အပြင်ပေါက်ဈေး ၁၀၀၀၀ လောက် ဖြစ်နေချိန်မှာ ၅၀၀၀ ကျပ်နဲ့ရောင်းချရတာကြောင့် ခေါက်ချိုးအရှုံးပေါ်နေရတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အခြေခံ လူတန်းစားတွေစားဝတ်နေရေးအခက်အခဲတွေရှိလာချိန်မှာ စစ်ကောင်စီက ဝါဒဖြန့်နာမည်ကောင်းယူဖို့ အတွက် လုပ်ငန်းရှင်တွေကို ဖိအားပေးပြီး ဈေးလျော့ရောင်းခိုင်းတာတွေ မြို့နယ်အများစုမှာပြုလုပ်နေတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။