ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ထိုင်းနိုင်ငံတွင် ယာလာခရိုင်မှ ဘန်ကောက်သို့ ရထားဖြင့်လာသည့် ခရီးစဉ်အတွင်း ပျောက်ဆုံးခဲ့သည့် မသန်စွမ်းကြောင်လေးစီဆွန်(Si Som)အား ရှာဖွေရေးလုပ်ငန်းစဉ်မှာ ထိုင်းလူမှုကွန်ရက် စာမျက်နှာ များတွင် စိတ်ဝင်စားမှုမြင့်တက်နေပြီး ရှာဖွေမှုကို အရှိန်မြှင့်တင်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတော်ရထားလုပ်ငန်း (SRT) ၏ စည်းမျဉ်းအရ အိမ်မွေးတိရစ္ဆာန်များကို ပိုင်ရှင်များနှင့်အတူ တွဲစီးခွင့်မပြုဘဲ ကုန်စည်တွဲတွင် သီးသန့်ခွဲထားရသည့်အတွက် ချုံဖွန် (Chumphon) ဘူတာရုံ အရောက်တွင် မသန်စွမ်းကြောင်လေးမှာ ပျောက်ဆုံးခဲ့ရခြင်း ဖြစ်သည်။ ယနေ့ ဇူလိုင် ၁၆ ရက်နေ့သည် ကြောင်လေး ပျောက်ဆုံးမှု ၁၇ ရက်မြောက်နေ့ ဖြစ်သည်။

လက်ရှိတွင် “The Hope Thailand” အဖွဲ့က ဦးဆောင်၍ စေတနာ့ဝန်ထမ်းများက အပူလှိုင်း အာရုံခံဒရုန်းများ ၊ အပူလှိုင်းဖမ်းကင်မရာများ၊ K-9 ရှာဖွေရေးခွေးများနှင့် အခြားအဆင့်မြင့် စက်ပစ္စည်း များကို အသုံးပြုကာ ဘူတာရုံတစ်ဝိုက်တွင် ရှာဖွေလျက်ရှိသည်။ အမည်မဖော်လိုသူ အလှူရှင်တစ်ဦး ကလည်း ဘတ် နှစ်သိန်းကျော် တန်ဖိုးရှိ အပူလှိုင်းဖမ်းဒရုန်းတစ်စင်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ခြေထောက်နှစ်ဖက်စလုံး မသန်စွမ်းဖြစ်နေသည့် ကြောင်လေး ပျောက်ဆုံးမှုအပေါ် ထိုင်းပြည်သူများက ရထားလိုင်း၏ စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ကြောင်လေးရှာဖွေရေးအတွက် အဆင့်မြင့် စက်ပစ္စည်းများ ဝယ်ယူနိုင်ရန် ဝိုင်းဝန်းလှူဒါန်းခဲ့ကြသည်။
ရှာဖွေရေးတွင် ပါဝင်သည့် “ဆန်ဒီ” (Sandy) အမည်ရှိ K-9 ရှာဖွေရေးခွေးလေးသည် အနီးနားရှိ တံတားအောက်ခြေများအထိ အနံ့ခံကာ လိုက်လံရှာဖွေခဲ့သော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းမှုများ ကြောင့် အနံ့များ ဖျော့တော့သွားကာ ရှာဖွေရခက်ခဲနေကြောင်း သိရသည်။

လက်ရှိတွင် ဘူတာရုံပလက်ဖောင်းတစ်ခုအနီး၌ ကြောင်လေး၏ခြေရာအသစ်များကို ရှာဖွေတွေ့ရှိ ခဲ့သဖြင့် ၎င်းနေရာတစ်ဝိုက်ကို ညပိုင်းအချိန်များတွင် အဓိကထားရှာဖွေနေပြီး ပလက်ဖောင်းအောက်ခြေ ကျဉ်းမြောင်းသည့် နေရာများတွင်ပါ ပုန်းအောင်းနေနိုင်သည့်အတွက် သံလမ်းအောက်ခြေများနှင့် တံတားအောက်များကို အပူလှိုင်းဖမ်းစက်များဖြင့် ညလုံးပေါက် ဆက်လက်ရှာဖွေနေကြကြောင်းလည်း သိရသည်။
ကြောင်လေးကို ရှာဖွေပေးနေသည့်အဖွဲ့က ရှာဖွေရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်မဖြစ်စေရန် ပြည်သူများအနေဖြင့် လတ်တလော ရထားလမ်းဝန်းကျင်သို့ လာရောက်ခြင်းမပြုရန် တောင်းဆိုထားပြီး လူမှုကွန်ရက်အသုံးပြုသူများကလည်း ထိုင်းနိုင်ငံတော်ရထားလုပ်ငန်း (SRT) အနေဖြင့် ကြောင်လေး ရှာဖွေရေးတွင် ယခုထက်ပိုမို ပူးပေါင်းကူညီပေးရန် ဝိုင်းဝန်းတောင်းဆိုလျက်ရှိသည်။
ကိုးကား – Khaosod English