ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်နှင့် ထိုင်းတော်ဝင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုများတွင် SCEF အဖွဲ့ဝင်အဖွဲ့များပါဝင်ကြောင်းသတင်းရရှိသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် SCEF အဖွဲ့ဝင်အဖွဲ့အစည်းများသည် စစ်အုပ်စု ကိုယ်စားလှယ်များ နှင့်အတူတကွ ASEAN ကိုတွေ့ဆုံခဲ့ခြင်း မဟုတ်ဘဲ သီးသန့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံမှုသည် မြန်မာ့မဋိပက္ခကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဖြေရှင်း နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင် စေရန်ဖြစ်ပြီး ပုံမှန်နိုင်ငံရေးပြန်လည်တည်ဆောက်ခြင်းမဟုတ်ဘဲ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ရေးဖြစ်ကြောင်း SCEF ၏ သတင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထို့ပြင် စစ်တပ်လွမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုအားကြီးသော အာဏာရှင်စနစ်နှင့် အရင်းခံ နိုင်ငံရေးအကျပ်အတည်းတို့ကို ချန်ထားပြီး အကြမ်းဖက်မှုကိုလျော့ချရုံသက်သက်သာ ရည်ရွယ်သော တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းရေး၏ ဦးတည်ရာ၊ အရှိန်၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံရေး ရလဒ်များကို ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာနိုင်ငံပိုင်ဖြစ်ပြီး ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံ၏ နိုင်ငံရေး stakeholder များက ပိုင်ဆိုင်ကြောင်း SCEF ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အဆိုပါတွေ့ဆုံမှုရည်ရွယ်ချက်တွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ၊ ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အကောင်အထည် ဖော်ရေး ကြိုးပမ်းမှုများနှင့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ရန် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် အာဆီယံ အနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်မှု သေချာစေရန်အရေးကြီးပြီး နိုင်ငံရေး အကျဉ်းသားများအား ချက်ခြင်းလွတ်ပေးခြင်း၊ အရပ်သားပြည်သူများအား အဓိပ္ပါယ်ပြည့်ဝသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရရှိနိုင်မှုနှင့် အကြမ်းဖက်မှုများလျော့ချရန် လက်တွေ့ကျသော ယန္တရားများ ပါဝင်ရမည်ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ယင်းဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်အဖွဲ့ အစည်းများတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ပါဝင်သည်။
ယခု ၂၀၂၆ ခုနှစ်ကုန်ခါနီးတွင် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုသည် မြန်မာနိုင်ငံသို့လာရောက်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထူးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေး မစ်ရှင်ကို အာဆီယံနိုင်ငံများ ထောက်ခံထားသည်။
ဓာတ်ပုံ- လူမှုကွန်ရက်