ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

 

ရွေးတုအစိုးရလက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) သည် ပြီးခဲ့သည့် ဇန်နဝါရီမှ ဇွန်အထိ ခြောက်လတာကာလအတွင်း အကျဉ်းထောင်၊ အချုပ်ခန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများမှ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများအပါအဝင် နေရာအသီးသီးမှတိုင်ကြားစာများနှင့်ပတ်သတ်၍ ကြည့်ရှုစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

MNHCR အနေဖြင့် တိုင်ကြားမှုများကိုလက်ခံပြီး အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေးမှုများရှိနေသည်ဆိုသော်လည်း လက်တွေ့တွင် နိုင်ငံရေးအကျဉ်းသားများမှာ အကျဉ်းဦးစီးဝန်ထမ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းများကိုခံစားနေရပြီး MNHCRအနေဖြင့်လည်း ထိရောက်သည့် ဖြေရှင်းမှုများ မလုပ်ပေးနိုင်ကြောင်း သိရသည်။

 

“သိသလောက်တော့ MNHRCရဲ့စစ်ဆေးမှုကြောင့်အရေးယူခံရတဲ့ ထောင်အာဏာပိုင်တို့ ထောင်ဝန်ထမ်းတို့ ဒါမျိုးတော့တရားဝင်အနေနဲ့သိထားရတာမျိုးမရှိသေးပါဘူး။ ၂၀၂၁ နောက်ပိုင်းမှာ MNHRC အနေနဲ့နိုင်ငံရေးအခြေအနေအရ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ ကန့်သတ်ခံထားရတွေ့ရနိုင်တယ် နိုင်ငံရေးအကျဉ်းသားတွေကိစ္စမှာလည်း ထိထိရောက်ရောက်နဲ့ လုပ်ပေးနိုင်တာအင်အတန်နည်းတာကိုတွေ့မြင်ပြီးသားပဲဖြစ်တယ်” ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လူ့အခွင့်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ၎င်းတို့ထံတိုင်ကြားလာသည့် စာပေါင်း ၂၉၅ စောင်ရှိခဲ့ပြီး ၆၄ မှုကို အရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများသို့စစ်ဆေးပေးပို့ခဲ့ပြီး အကျဉ်းထောင် ၁၁ ခုအပါအဝင် အကျဉ်းစခန်း၊ ရဲအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ လူငယ်သင်တန်းကျောင်း၊ ဘိုးဘွားရိပ်သာများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းပြောဆိုထားသည်။

 

စစ်ဆေးမှုအတွင်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများ၊ လူငယ်သင်တန်းကျောင်းများ၊ ရဲစခန်းနှင့် တရားရုံးအချုပ်ခန်းများအတွက် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ပို့ခဲ့ကြောင်း ပြောဆိုခဲ့ပြီး အကျဉ်းသား၊ အချုပ်သား ၉၈ ဦးကိုလည်း သီးခြားတွေ့ဆုံကာ ၎င်းတို့၏တင်ပြပြောဆိုချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

 

“လက်တွေ့မှာတော့အခက်အခဲတွေများတယ် ထောင်ထဲကဆက်သွယ်မှုတွေကို ထောင်အာဏာပိုင်တွေကထိန်းချုပ်ထားတာတွေရှိတယ်။ စာပို့တာတွေ လူတွေ့ခွင့်တွေကိုထိန်းချုပ်ထားတယ်။ ဒါကြောင့်မို့လို့တကယ့်အခက်အခဲတွေကို အပြင်ကိုရောက်မရောက်ဆိုတာကမသေချာတဲ့အခြေနေတွေဖြစ်ပါတယ်။ အကျဉ်းသားတချို့ကတိုင်ကြားတယ်။ တချို့ကတိုင်ကြားပြီးနောက်မှာ လက်စားချေခံရမှာတို့ တုံ့ပြန်ခံရမှာတို့ကို ဖိအားပေးခံရမှာကို စိုးရိမ်လို့ ကြောက်လို့ မတိုင်ကြားတာတွေအများကြီးရှိနေတယ်” ဟု PPNM တာဝန်ရှိသူက ဆက်လက်ပြောပြသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ကလည်း မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ အိပ်ရာလိပ်များကို အဓမ္မသိမ်းဆည်းရာမှ ကန့်ကွက်သည့်နိုင်ကျဉ်း ၁၅ ဦးကို ထောင်အာဏာပိုင်များကဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ၎င်းတို့အနက် သုံး ဦးကို တိုက်ပိတ်ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်