ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ငသိုင်းချောင်းမြို့၊ မြောက်စမ်းကျေးရွာရှိ အမြောက်တပ် (၃၄၄) အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး ရွေးတုအစိုးရစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ ကြောင်း သိရသည်။
စစ်တပ်သည် ယမန်နေ့ ဇူလိုင် ၁၅ရက် နံနက် ၄နာရီကျော်ခန့်က မြောက်စမ်းကျေးရွာနှင့် ဇီးရိုးစမ်း ကျေးရွာများကို ဂျက်ဖိုက်တာ၊ Y-12 တို့ဖြင့် လာရောက်ဗုံးကြဲချ တိုက်ခိုက်သည့်အတွက် အမျိုးသမီး တစ်ဦးသေဆုံးပြီး အရပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ဂွ- ငသိုင်းချောင်းလမ်း အမြောက်တပ်နား တိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။ လက်နက်တွေ၊ ခဲယမ်းတွေလည်း သင်္ဘောနဲ့ရော ကားတွေနဲ့ပါ လွန်းထိုးပို့တဲ့အထိဖြစ်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရေကြည်ရှိ စစ်စခန်းကုန်းများ လက်လွှတ်ထားရသည့် စစ်တပ်က ယခုရက်ပိုင်းတွင် အဆိုပါ စခန်း ဟောင်းနေရာများပြန်လည်ရရှိရေးနှင့် အမြောက်တပ်အနီး နယ်မြေစိုးမိုးနိုင်ရေး စစ်ကြောင်းများထိုး လာသည့်အတွက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။
မြေပြင်သတင်းအချက်အလက်များအရ စစ်တပ်က စစ်ကြောင်းထိုးနေသော်လည်း အမြောက်တပ်၏ နောက် ထပ် ကာကင်းစခန်း သုံးခုခန့်ကိုလည်း ထပ်မံ လက်လွှတ်ထားရကြောင်း သိရသည်။
ထို့ပြင် သာပေါင်းနှင့်ရေကြည်ကြား တပ်ဖြန့်ထားသည့် အင်အားများအတွက် နောက်တန်း စခန်းများမှ စစ်ကူများဆက် တိုက်ပို့နေရပြီး တိုက်ပွဲအတွင်းမှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရ စစ်တပ် တပ်ဖွဲ့ဝင် များကိုလည်း စက်ဒေါင့်ကြီးနှင့် ပုသိမ်ကို ပြန်လည် သယ်ယူနေရသည်။
အင်အားလိုအပ်ချက်များသည့်အတွက် ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)အတွင်း နောက်ချန် အင်အားလျော့ပါးသည်အထိ ဖြစ်နေပြီး စစ်မှုထမ်းတပ်သားသစ်နှင့် ဌာနေပြည်သူ့စစ်များကို ရှေ့တန်းတိုက်ပွဲများသို့ ပို့ဆောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)