ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ရက်
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ရေဘေးကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ် ဆောင်နေရသည့် အချိန်တွင် ရွေးတုအစိုးရစစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းမှတစ်ဆင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့ ည ၇ နာရီကျော်က စစ်တွေမြို့နှင့် ရေမိုင် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံး ကြဲချတိုက် ခိုက်ခဲ့သည်။
”စစ်တွေတပ်နယ်က တပ်ရင်းတွေကနေလည်း ပေါက်တော၊ ပုဏ္ဏားကျွန်းဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတာရှိတယ်။ အခု လေကြောင်းကပါတိုက်ခိုက်လာပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၆ နှစ်အရွယ် မနှင်းစိုး နှင့် မနော်သီရိကျေးရွာသို့ ရောက်ရှိနေသည့် ငါးဇွန်ရွာ မှ အသက် ၅၂နှစ်အရွယ် ဦးခင်ထွန်းဝင်း တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်အတွင်းကိုလည်း ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က ဂျက်ဖိုက် တာများနှင့် Y12 လေယာဉ်များကို အသုံးပြုကာ ဗုံးအလုံးရေ ၅၂ လုံးအထိ အပြင်းအထန် ကြဲချခဲ့ပြီး နောက်တစ်နေ့ ဇူလိုင် ၁၄ ရက်နေ့တွင်လည်း ဗုံး ၄ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများအပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ ဇူလိုင် ၁၄ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်ရှိ မင်းကြောင်းချောင်း တံတားကို ဂျိုင်ရိုကော်ပတာ နှစ်စင်းဖြင့် ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း သိရသည်။