ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်က ပြည်သူ့စစ်မှုထမ်းရန်အတွက် လူငယ်များကို လိုက်လံဖမ်းဆီးရာတွင် လူထုသတိမထားမိစေရန် ပရဟိတအသင်းအမည်ခံ လူနာတင် ယာဉ်များကို အသုံးပြု၍ လိုက်လံပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကမာရွတ်မြို့နယ်၊ လှည်းတန်းဘူတာ၌ ရထားလမ်းပလက်ဖောင်းပေါ်တွင် ထိုင်နေသည့် လူငယ်နှစ်ဦးကို ရဲသတင်းပေးဆိုသူ ဇွဲထက်နောင် (ခ) နောင်နောင်နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့က ဖုန်းများကို စစ်ဆေးကာ မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် အသင့်စောင့်ဆိုင်းနေသည့် “ရတနာအောင်” ပရဟိတအသင်း လူနာတင်ယာဉ် ပေါ်သို့ အဓမ္မ တင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

အဆိုပါ ရတနာအောင် ပရဟိတအသင်းမှ အဖြူရောင်နှင့် အမည်းရောင် လူနာတင်ယာဉ် နှစ်စီးသည် ညနေ စောင်းနှင့် ညပိုင်းအချိန်များတွင် မြို့နယ်တွင်း လှည့်လည်ကာ ပြည်သူ့စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေပြီး ယခုရက်ပိုင်းအတွင်း ၃ ကြိမ်မှ ၄ ကြိမ်ထက်မနည်း ဖမ်းဆီးမှုများ ရှိကြောင်း သိရသည်။
“အဲဒီကားနှစ်စီးက စည်ပင်ရုံးသစ်ထဲမှာ ပုံမှန်ထိုးထားတာ။ လူဖမ်းတော့မယ်ဆိုမှ အဲဒီက ထွက်ထွက်လာပြီး လိုက်ဖမ်းတာဗျ။ ပရဟိတကားနဲ့ဆိုတော့ လူတွေက သိပ်သတိမထားမိဘူးလေ။ ပိုပြီး ဖမ်းရလွယ်တယ်လို့တောင် သူတို့အချင်းချင်း ပြောနေကြတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း ဗဟိုလမ်း (ခိုင်ရွှေဝါလမ်း) ဆိုက်ကားဂိတ်မှတ်တိုင်အနီးတွင် အလုပ်မှပြန်လာသည့် လူငယ်တစ်ဦးကို ရဲသတင်းပေးနှင့် ရဲတပ်ဖွဲ့ဝင်များက ဖုန်းစစ်ဆေးမည်ဟု အကြောင်းပြကာ ပိုက်ဆံအိတ်အတွင်းရှိ ငွေကြေးများကို မတရားနှိုက်ယူသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရဲသတင်းပေး ဇွဲထက်နောင် (ခ) နောင်နောင်သည် စစ်မှုထမ်းအတွက် ပေါ်တာဆွဲပြီး ငွေညှစ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေကာ လက်ရှိတွင်လည်း ရဲအယောင်ဆောင်ကာ လှုပ်ရှားနေသူဖြစ်သည်။ ၎င်းသည် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်လှမျိုးတို့နှင့် ပူးပေါင်းကာ လူငယ်များကို လိုက်လံဖမ်းဆီးကာ အထက်သို့ ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ရွေးတုအစိုးရစစ်တပ်သည် စစ်မှုထမ်း အမှတ်စဉ်များအတွက် လူအင်အားလိုအပ်နေပြီး သက်မှတ်အရေအတွက် ပြည့်မီခြင်းမရှိသည့်အခါ ယခုကဲ့သို့ လမ်းပေါ်တက်၍အဓမ္မ ပေါ်တာဆွဲသည့် နည်းလမ်းကို ပိုမိုသုံးစွဲလာခြင်း ဖြစ်သည်။
ထို့အပြင် ဖမ်းဆီးရမိသော လူငယ်များကို စစ်မှုထမ်းအရေအတွက် လိုအပ်ချက်ပေါ်မူတည်၍ မိသား စုများထံ ဆက်သွယ်ကာ ငွေကျပ်သိန်းဆယ်ချီ တောင်းခံပြီး ပြန်လည်ရွေးခိုင်းသည့် ငွေညှစ်မှုများ ကိုလည်း စနစ်တကျ လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် ရွေးတုအစိုးရတပ်သည် လမ်းပေါ်တွင် ဖမ်းဆီးမှုများကို ယခင်ကထက် ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည့်အပြင် ရပ်ကွက်များအတွင်း ဧည့်စာရင်း တိုင်ကြားထားခြင်း မရှိပါကလည်း ချက်ချင်းဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသည်။
ထို့ကြောင့် ရန်ကုန်မြို့တွင်း သွားလာလှုပ်ရှားနေကြသည့် လူငယ်များအနေဖြင့် ရွေးတုအစိုးရတပ်၏ စစ်ဆေးရေးဂိတ်များသာမက လမ်းမများပေါ်တွင် သံသယဖြစ်ဖွယ် ရပ်တန့်ထားသော သို့မဟုတ် ဖြည်းညှင်းစွာ မောင်းနှင်နေသော ပရဟိတယာဉ်များနှင့် တက္ကစီများကိုပါ အထူးသတိပြု ရှောင်ရှားကြရန် ဒေသတွင်းရှိ စောင့်ကြည့်ရေးအဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-လှည်းတန်းဘူတာနှင့် သတင်းပေးများစီးသည့် ဆိုင်ကယ်