ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည့် ရွေးတုအစိုးရစစ်တပ်၏ လက်နက်အပ်နှံပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟူသော ဝါဒဖြန့်မှုမှာ အခြေအမြစ်မရှိသည့် လုပ်ကြံမှုသာ ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဖော်ပြပါ ကရင်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ (KPMF) ဆိုသည်မှာလည်း မြေပြင်တွင် လုံးဝမရှိသည့် အဖွဲ့အစည်းအတုသာဖြစ်ကြောင်း ကရင်တော်လှန်ရေးရဲဘော်များက တုံ့ပြန်ပြောဆိုသည်။

 

KPMF နှင့် KNLA တို့မှ အဖွဲ့ဝင် ၄၁ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း ယနေ့ ဇူလိုင် ၁၆ ရက်နေ့ထုတ် ရွေးတုအစိုးရ ဝါဒဖြန့် မီဒီယာများတွင် ပုံနှင့်တကွ ဖော်ပြထားသည်။

 

ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်တွင် အလင်းဝင်လာသူများမှာ ကရင်ပြည်နယ်မှ ၁၂ ဦး၊ မွန်ပြည်နယ်မှ ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၁၀ ဦး၊ မန္တလေးမှ ၄ ဦး၊ ပဲခူးမှ ၂ ဦးနှင့် စစ်ကိုင်းတိုင်းမှ ၁ ဦး စုစုပေါင်း ၄၁ ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။

ရွေးတုအစိုးရ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်လင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်နှင့် ရတခ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးတို့ တက်ရောက်ခဲ့သည့် ဆိုသော အဆိုပါထုတ်ပြန်မှုနှင့် ပတ်သက်၍ မြေပြင်မှ KNLA ရဲဘော်တစ်ဦးက သိရှိခြင်းမရှိကြောင်း တုံ့ပြန်ပြောကြားသည်။

 

“KPMF ဆိုတာ ကရင်ပြည်နယ် မြေပြင်မှာ မရှိပါဘူး။ ဘယ်တိုက်ပွဲ၊ ဘယ်နယ်မြေမှာမှလည်း ဒီနာမည်နဲ့ စစ်ရေးလှုပ်ရှားတာ မရှိဖူးဘူး မကြားဖူးဘူး။ ဒါဟာ စစ် တပ်က မြေပြင်မှာ ရှုံးနေတာကို ဖုံးကွယ်ဖို့နဲ့ သူတို့တပ်သားတွေ စိတ်မပျက်အောင် နာမည်အသစ်ပေး၊ လူစုပြီး ရိုက်ပြတဲ့ ပြဇာတ်ပဲ။ အခုအလင်းဝင်ပါတယ်ဆိုတဲ့လူတွေပုံတောင်မပါဘူး အရှက်ကွဲမှာဆိုးလို့နဲ့တူတယ်” ဟု KNLA လက် အောက်မှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

KNLA သည် လက်ရှိမြေပြင်တွင် နယ်မြေအများအပြားကို စိုးမိုးထားပြီး ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများကို အဓိက ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။ စစ်မြေပြင်တွင် ရွေးတုအစိုးရစစ်တပ်ကို အထိနာအောင် တိုက်ခိုက်နေသည့် အဓိက အင်အားစုကို အလင်းဝင်သည်ဟု ဝါဒဖြန့်ခြင်းမှာ စစ်တပ်၏ သတင်းတု ထုတ်လွှင့်မှုသာ ဖြစ်သည်ဟု ဆိုသည်။

 

“KPMF ဆိုတာ ကရင်ပြည်နယ် မြေပြင်မှာရော ပဲခူးဘက်က ကရင်အဖွဲ့အစည်းတွေဘက်ရော မကြားဖူး ဘူးဗျ။ KNLA တို့ KNDO တို့ဆိုတာ ရင်းတွေများကြီးရှိတယ်။ ဘယ်ရဲဘော်ကဝင်မှာလဲဗျာ မြေပြင်မှာ စစ်တပ်က ဒီလောက် ဗျင်းခံနေရတာကို”ဟု ကရင်တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရွေးတုအစိုးရစစ်တပ်သည် စခန်းကုန်းများနှင့် တပ်ရင်းလိုက် လက်နက်ချမှုများကြောင့် ဖြစ်ပေါ်နေသော စစ်ရေးအကျပ်အတည်းကို ဖုံးကွယ်ရန်၊ စစ်ဗိုလ်ချုပ်များ၏ ပုံရိပ်ကို ပြန်တင်ရန်နှင့် တော်လှန်ရေး အင်အားစုများအကြား ညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စိတ်ဓာတ်စစ်ဆင်ရေး သတင်းမှားများကို စနစ်တကျ လုပ်ကြံဖန်တီး ထုတ်လွှင့်နေခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူများ၏ သုံးသပ်ပြောကြားထားသည်။

 

ထို့ကြောင့် ပြည်သူများအနေဖြင့် ရွေးတုအစိုးရ၏ အလင်းဝင်ဝါဒဖြန့် သတင်းတုများကို အထူးသတိပြု စိစစ်ကြရန်နှင့် ယုံကြည်စိတ်ချရသော တော်လှန်ရေးသတင်းရင်းမြစ်များနှင့် သီးခြားလွတ်လပ်သော မီဒီယာများ၏ သတင်းထုတ်ပြန်ချက်များကိုသာ ကိုးကားကြရန် တော်လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – MOI
ပုံစာ-အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည့်ဆိုသော ရွေးတုအစိုးရ၏ ဝါဒဖြန့် အခမ်းအနား