ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ဇူလိုင် ၁၄ ရက်နေ့က နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) က ကြီးမှူးကျင်းပသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ် (HLPF) သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖိုရမ်တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်ညွန့်က မြန်မာ နိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်များအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၁) ဖြစ်သည့် “ရေရှည်တည်တံ့သော မြို့ပြနှင့် လူထုအသိုက်အဝန်းများ ဖော်ဆောင်ရေး” ကဏ္ဍမှာ ဆိုးဆိုး ရွားရွား ထိခိုက်ပျက်စီးလျက်ရှိကြောင်း တင်ပြဆွေးနွေးခဲ့သည်။

 

လက်ရှိတွင် စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ပြည်သူတို့၏ နေအိမ်များ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးအဆောက်အအုံများနှင့် အများပြည်သူ ဆိုင်ရာ အဆောက်အအုံများ စဉ်ဆက်မပြတ် ဖျက်ဆီးခံနေရသည်ဟု ဦးအောင်ကြည်ညွန့်က ထောက်ပြသည်။

၎င်းအပြင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားသွားသည့်အခါတွင် နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းတည်ဆောက်ခဲ့ရသည့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများအားလုံးမှာ အချိန်တို လေးအတွင်း ဆုံးရှုံးပျက်စီးသွားရသည်ကို လက်ရှိ မြန်မာနိုင်ငံက လက်တွေ့ကြုံတွေ့နေ ရကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း ကလည်း စစ်အာဏာသိမ်းမှုကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) ကို အကောင်အထည် ဖော်နေသည့် အဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံများမှာ ရုတ်တရက် ပြိုပျက်သွားခဲ့ရပြီး နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ ကဏ္ဍအများအပြား၌ အရှိန်အဟုန်ဖြင့် နောက်ပြန် ဆုတ်သွားခဲ့ရကြောင်း ပြောကြားခဲ့သည်။

 

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အားလုံးပါဝင်ပြီး ကြံ့ခိုင်သော၊ ရေရှည်တည်တံ့သော လူမှုအသိုက်အဝန်းများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြန်မာပြည်သူများကို ဆက်လက်ဝန်းရံ ပံ့ပိုးကူညီပေးကြပါရန် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တိုက်တွန်းပြောကြားသည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံ အခြေပြုအဖွဲ့အစည်းများသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်ကို ထူထောင်ရန် လက်တွဲလုပ်ဆောင်လျက်ရှိသည်။

 

အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် စုပေါင်းလုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း အောင်ကြည်ညွန့်က ထည့်သွင်းပြောကြားခဲ့သည်။

 

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတော်အဆင့် လွှတ်တော်အသီးသီးဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား မြန်မာနိုင်ငံ၏ တရားဝင်ဆွေးနွေးဖက် လွှတ်တော် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားခြင်း ဖြစ်သည်။

 

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုကာ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အစည်းအဝေးများသို့ စဉ်ဆက်မပြတ် တက်ရောက်၍ မြန်မာ့အရေးကို ဆွေးနွေးတင်ပြလျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – CRPH