ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရက်ပေါင်းများစွာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးတာနဲ့ မြေပြို မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၅၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကတည်းက မိုးအပြင်းအထန် ရွာသွန်းခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ရေကြီးရေ လျှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ လူ ၅၄ ဦးထက်မနည်း သေဆုံးသွားပြီလို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာလည်း မြေပြိုမှုတွေ ဖြစ်ပွားခဲ့လို့ ကလေးငယ်တွေအပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

တောင်တန်းဒေသတွေမှာ မြေပြိုတာနဲ့ အပျက်အစီးတွေကြောင့် လမ်းတွေ ပြတ်တောက်ကုန်ပြီး အချို့ဒေသတွေဆိုရင် ပြင်ပနဲ့ လုံးဝ အဆက်အသွယ်ပြတ်တောက်နေပါတယ်။

အာဏာပိုင်တွေအနေနဲ့ သဘာဝဘေးသင့်နေရာတွေကို ရိက္ခာနဲ့ ဆေးဝါးတွေ အမြန်ဆုံးရောက်ရှိ နိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်အပါအဝင် တောင်အာရှဒေသတစ်ခုလုံးဟာ နှစ်စဉ်ကြုံတွေ့ရမြဲဖြစ်တဲ့ မုတ်သုံရာသီထဲကို ရောက်ရှိနေပြီး မိုးထပ်ရွာဖို့ ရှိနေသေးလို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင် ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

အခုလို မုတ်သုံမိုးကြောင့် နှစ်စဉ် ရေကြီးမြေပြိုမှုတွေ ကြုံတွေ့ရလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

ကော့ဘဇားက ကုန်းစောင်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ ယာယီဒုက္ခသည်စခန်းတွေဟာ အ မိုးအကာ မခိုင်ခန့်တာကြောင့် အခုလို သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံရတဲ့အခါ ထိခိုက်ပျက်စီးမှု အများ ဆုံးဖြစ်ရတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရေဘေးသင့်ဒေသ တွေဆီ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အရေးပေါ် အကူအညီတွေ ပေးဝေနိုင်ဖို့ ကွင်းဆင်းဆောင်ရွက်နေကြ ပြီး နောက်ထပ်ဖြစ်လာနိုင်တဲ့ မြေပြိုမှုအန္တရာယ်တွေကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ကိုးကား – NHK
Ref; Over 50 dead in Bangladesh monsoon floods, landslides