ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် စစ်ရေးရှုံးနိမ့်၍ ထိန်းချုပ်မရသော မြို့နယ်များကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားပြီး စစ်ရေးအရှိန်တိုးမြှင့် ဗုံးကြဲတိုက်ခိုက်နေသော်လည်း နှစ်မြို့နယ်သာ ပြန်လည်ရသေးသဖြင့် စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတကိုယ်စား သက်တမ်းတိုးရန် ရွေးတုလွှတ်တော်သို့ တင်သွင်းလာကြောင်း သိရသည်။

ရွေးတုအစိုးရ စစ်အုပ်ချုပ်ရေး ရက် (၉၀) ထုတ်ပြန်ထားသော နိုင်ငံတဝန်းရှိ မြို့နယ်များမှာ စုစုပေါင်း (၆၀) မြို့နယ်ရှိပြီး မကြာမီ၌ သတ်မှတ်ကာလ ပြည့်တော့မည်ဖြစ်၍ လက်အောက်ခံ ဥပဒေရေးရာ ဒုဝန်ကြီးနှင့် ဒုရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ၎င်းတို့ ရွေးတုလွှတ်တော် (ပြည်ထောင်စုလွှတ်တော်) သို့ ဇူလိုင် ၁၄ ရက်၌ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယခင်က မြို့နယ် (၆၃) မြို့နယ် ထုတ်ပြန်ထားသည့်အနက် ရွေးတုအစိုးရ ဖြစ်လာချိန်တွင် ရက်ထပ်တိုး၍ မြို့နယ် (၆၀) မြို့နယ်ကို ဧပြီ ၂၃ ရက်မှ ဇူလိုင် ၂၁ ရက်အထိ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကာ စစ်ရေးအရှိန်ဟုန်မြှင့် အင်အားဖြည့်တင်း ထိုးစစ်ဆင်မှုနှင့် လေကြောင်း၊ လက်နက်ကြီး ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သို့သော် ချင်းပြည်နယ်၊ တွန်းဇံနှင့် ဖလမ်းမြို့နယ်တို့ကိုသာ ၎င်းတို့အနေဖြင့် ပြန်လည်
ထိန်းချုပ်နိုင်သဖြင့် ကျန်ရှိ (၅၈) မြို့နယ်အား နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုကာ ရက် (၉၀) ထပ်မံတိုးပေးရေးအတွက် ယခုကဲ့သို့ ရွေးတုသမ္မတကိုယ်စား အဆိုတင်ခြင်းဖြစ်သည်။

ယင်းအဆိုတင်သွင်းမှုကို ပါဝင်ဆွေးနွေးလိုသော ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ အနိုင်ရ ရွေးတုအမတ်များအနေဖြင့် ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းကြရန် ကြေညာထားပြီး လာမည့် ဇူလိုင် ၂၁ ရက်တွင် ပြန်လည်စတင်မည့် ရွေးတုလွှတ်တော် (ပြည်ထောင်စုလွှတ်တော်)၌ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးအဖြစ် ဆက်ပြီး အသက်သွင်းမည့်မြို့နယ်များမှာ ကချင်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကရင်နီ၌ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်း၌ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ စစ်ကိုင်းတွင် ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်တို့ဖြစ်သည်။

ထို့အပြင် မကွေးတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊ မန္တလေး၌ ငါန်းဇွန်၊ ရခိုင်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ရှမ်း၌ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားတို့ဖြစ်သည်။

ထိုဒေသများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် “၁၀၂၇” စစ်ဆင်ရေး ဖော်ဆောင်သော ညီနောင်မဟာမိတ် တပ်ဖွဲ့များဖြစ်သည့် MNDAA၊ TNLA၊ AA တို့အပြင် UWSA၊ NDAA၊ KIA၊ KNU စသည့် EROs သာမက NUG လက်အောက်ခံ PDF နှင့် တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ရွေးတုအစိုးရတပ်နှင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ရွေးတုလွှတ်တော်