ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်၏ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ရာအိမ်မှူးလင်မယားက တစ်အိမ်လျှင် ငွေကျပ်ငါးသောင်းစီ လိုက်လံကောက်ခံနေပြီး၊ မပေးနိုင်၍ ကျန်ရှိသည့်ငွေများကို ချေးငွေအကြွေးတောင်းသကဲ့သို့ အတင်းအဓမ္မ လိုက်လံသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
သန်လျင်မြို့နယ် ဗိုလ်ချုပ်နယ်မြေအတွင်းရှိ စစ်မှုထမ်းရန် အသက်ပြည့်မီသူရှိသော အိမ်ထောင်စုများကို ပစ်မှတ်ထား၍ အဆိုပါ ရာအိမ်မှူး မျိုးအောင်နှင့် ဇနီးဖြစ်သူတို့က တစ်အိမ်လျှင် ငွေကျပ်ငါးသောင်း ပေးဆောင်ရန် လိုက်လံဖိအားပေး တောင်းယူနေခြင်းဖြစ်သည်။
လက်ရှိကုန်ဈေးနှုန်း အကျပ်အတည်းကြောင့် ချက်ချင်းမပေးနိုင်သည့် မိသားစုများကို ၎င်းတို့က စာရင်းမှတ်သားထားပြီး ကျန်ငွေများကို အကြွေးကဲ့သို့ သတ်မှတ်ကာ နေ့စဉ်ဖိအားပေးတောင်းခံနေခြင်းဖြစ်သည်။ ထို့ပြင် အသက်မပြည့်သေးသည့် နေအိမ်များထံမှလည်း စစ်မှုထမ်းကင်းလွတ်ခွင့် လစဉ်ကြေးဟုဆိုကာ တစ်လလျှင် ၁၅၀၀၀ ကျပ်အထိ အဓမ္မတောင်းယူမှုများရှိနေကြောင်း သိရသည်။
“ကျွန်မတို့က လက်လုပ်လက်စားတွေဆိုတော့ တစ်ခါတည်း ငါးသောင်းမပေးနိုင်ဘူးလေ။ အဲဒါကို သူတို့က မရရအောင်တောင်းတယ်။ ငါးသောင်းအပြည့်မရှိလို့ သုံးသောင်းအရင်
ပေးလိုက်ပြီး ကျန် နှစ်သောင်းကို အကြွေးသိမ်းသလို အိမ်ကိုဆိုင်ကယ်နဲ့ လာနေတာ။ မရှိရင်လည်း စာရင်းထဲရေးထားပြီး ကျန်တဲ့ပိုက်ဆံကို အကြွေးတောင်းသလို လာတောင်းနေတာ။ တော်တော်လေး စိတ်ဆင်းရဲရပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အောင်ချမ်းသာရပ်ကွက်နေ မိခင်တစ်ဦးက ပြောသည်။
ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများမှာ စစ်မှု ထမ်းရန် မိမိတို့သားသမီးများ အဖမ်းခံရမည်ကို စိုးရိမ်သည့်အပြင်၊ တစ်ဖက်တွင်လည်း မတရားတောင်းခံနေသည့် ငွေကြေးပမာဏကို မပေးနိုင်ပါက စစ်မှုထမ်းရန် ဦးစားပေးစာရင်းတွင် ထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံနေရသဖြင့် နှစ်ထပ်ကွမ်း ဒုက္ခရောက်နေကြသည်။
ရွေးတုအစိုးရစစ်တပ်က စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးချိန်မှစ၍ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့သည် ယခုကဲ့သို့ စစ်မှုထမ်းကင်းလွတ်ခွင့် ရရှိရန်ဟုဆိုကာ ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ခြင်း၊ ကိုယ်ကျိုးရှာခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။