‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၆ ရက်

‎​အာရက္ခတပ်တော် AAနှင့် ရင်ဆိုင်နေရသည့် တပ်နယ်များတွင် ရှေ့တန်းအင်အား ဆုံးရှုံးမှုများပြားလာခြင်းကြောင့် နောက်ချန်အင်အား လျော့နည်းလာပြီး စစ်မှုထမ်းတပ်သားသစ်များအပြင် ဌာနေပြည်သူ့စစ် (ပျူစောထီး) များကိုပါ ရှေ့တန်းစစ်မျက်နှာပြင်များသို့ အတင်းအကျပ် တွန်းပို့နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

‎AA ၏ စစ်နယ်မြေ ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ချဲ့ထွင်လာမှုကို တားဆီးရန်နှင့် ရခိုင်တောင်ပိုင်းဝင်ပေါက်များကို ပိတ်ဆို့ရန်အတွက် စစ်တပ်သည် ဧရာဝတီတိုင်းအတွင်း စစ်အင်အား ဖြည့်တင်းမှုများကို ခပ်စိပ်စိပ်လုပ်ဆောင်လာသည်။

‎”နောက်ချန်တပ်တွေအင်အားနည်းနေတာ ဧရာဝတီတစ်ခုတည်းတင်မဟုတ်တော့ဘူး။ တပ်ရင်းဌာနတော်တော်များများ ရင်ဆိုင်နေရတယ်။ စစ်ရေးကို အင်အားအလုံးအရင်းသုံးဖော်ဆောင်နေတော့ ပစတွေ ပျူစောထီးတွေပါသုံးလာတာ” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎လတ်တလော စစ်တပ်၏ တပ်ကူရွှေ့ပြောင်းမှုနှင့် တပ်ဖြန့်ထားမှု အခြေအနေများအရ သာပေါင်းနှင့် ရေကြည်မြို့နယ် နှစ်ခုအတွင်း၌ပင် တပ်အင်အား ၆၀၀ မှ ၈၀၀ ကြားအထိ အသုံးပြု၍ စစ်ရေးအရ ပိတ်ဆို့ထားရကြောင်း သိရသည်။

‎​ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် နတခ နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် နောက်ချန်အင်အားပင် မကျန်တော့သည့်အခြေအနေသို့ ဆိုက်ရောက်နေသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ရွှေသောင်ယံနယ်မြေအတွင်းရှိ ကျေးရွာများမှ ဌာနေပြည်သူ့စစ်များကို စစ်တိုင်းမှူးကိုယ်တိုင် လက်နက်နှင့် စစ်အဝတ်အစား အပြည့်အစုံ တပ်ဆင်ပေးခဲ့ရသည်။

‎​ယခုကဲ့သို့ လက်နက်တပ်ဆင်ပေးခြင်း မပြုလုပ်မီကလည်း ကွင်းကောက်ဒေသတွင် စစ်အခြေခံသင်တန်းဟုဆိုကာ ပြည်သူ့စစ်များကို ရက်တိုသင်တန်းများ အလျင်အမြန်ပေး၍ သာပေါင်းနှင့် သဲဖြူဘက်ရှိ ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

‎လက်ရှိတွင် ရှေ့တန်းတိုက်ပွဲများ၌ စစ်တပ်သည် အတွေ့အကြုံမရှိသေးသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များနှင့် ရက်တိုသင်တန်းဆင်း ပြည်သူ့စစ်များကိုသာ အကာအကွယ်အဖြစ် အဓိက တွန်းပို့နေရသည်။

‎AA အနေဖြင့် ရခိုင်တောင်ပိုင်းမှတစ်ဆင့် ဧရာဝတီတိုင်းဘက်သို့ စစ်ရေးအရ ထိုးဖောက်ဝင်ရောက်နိုင်နေခြင်းကြောင့် စစ်တပ်က သာပေါင်း၊ ရေကြည်နှင့် ရွှေသောင်ယံကဲ့သို့ နယ်စပ်ဝင်ပေါက်များတွင် အသည်းအသန် ခုခံပိတ်ဆို့နေခြင်းဖြစ်သည်။

‎ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က မင်းဘူး – အမ်းလမ်းပိုင်း၌ စစ်တပ်၏ ဒုံးကျည်နှင့် ဆက်စပ်ခဲယမ်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရစဉ်က စစ်တပ်ဘက်မှ ချက်ချင်းစစ်ကူ မလွှတ်နိုင်ခဲ့ဘဲ ကြားဖြတ်တိုက်ခိုက်မှုပြီးဆုံးသွားချိန်မှသာ ပဒါန်းတပ်နယ်အခြေစိုက် အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) မှ စစ်ကား နှစ်စီးသာထွက်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

‎ ဒုံးကျည်တင်ယာဉ်တန်းကဲ့သို့ အရေးကြီးသော ထောက်ပံ့ရေးယာဉ်တန်း တိုက်ခိုက်ခံရချိန်မှာပင် အချိန်မီ စစ်ကူမပေးနိုင်ဘဲ စစ်ကား နှစ်စီးသာ လွှတ်နိုင်ခဲ့ခြင်းက စစ်တပ်၏ နောက်တန်းဌာနချုပ်များတွင် အင်အားလျော့ပါးမှုမှာ သိသာနေကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။