ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
မြန်မာ့ပြည်တွင်းစစ်ပွဲကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတာကို နှစ်ဖက်စလုံးက လက်ခံထား ကြပြီး အာဆီယံအထူးသံတမန်ဟာ စစ်အစိုးရ ညှိနှိုင်းရေးအဖွဲ့၊ တော်လှန်ရေးအဖွဲ့အချို့တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။
ထိုင်းနိုင်ငံက နောင်ဖြစ်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ကြားခံညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးဖို့နဲ့ နေရာစီစဉ်ပေးဖို့ အသင့်ရှိနေပြီး လူပေါင်း ၁ သိန်းနီးပါး သေဆုံးပြီး သန်းနဲ့ချီ အိုးအိမ် စွန့်ခွာခဲ့ရတဲ့ မြန်မာ့အရေးအတွက် ရပ်တန့်နေတဲ့ အာဆီယံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်အသက်သွင်း ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအထူးသံတမန် မာရီယာထရီဆာလာဇာရိုနဲ့ ထိုင်း နိုင်ငံ ခြားရေးဝန်ကြီးတို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဆိုပါ တော်လှန်ရေးအဖွဲ့တွေဟာ ဆွေးနွေးပွဲအပေါ် လမ်းဖွင့်ထားကြပေမယ့် ဘုံရပ်တည်ချက် တစ်ခုရဖို့အတွက် လက်ရှိမှာ ဆက်လက်ညှိနှိုင်းနေကြဆဲလို့ ဆီဟာဆတ်က ပြောပါတယ်။
အာဆီယံအထူးသံတမန်နဲ့ ထိုင်းအရာရှိတွေဟာ စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးက စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာဟာ ဘယ်သူ့အတွက်မှ အ ကျိုးမရှိဘူးဆိုတာကို လက်ခံနားလည်ခဲ့ကြတယ်လို့ ဆီဟာဆတ်က ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ နောက်ဆုံးမှာ ဆွေးနွေးပွဲတွေ စတင်နိုင်မယ့် ဘုံသဘောတူညီချက်အချို့ ရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ်။
လောလောဆယ်မှာ ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်မလဲ၊ ဘယ်နေရာမှာလုပ် မလဲဆိုတဲ့ ဆွေးနွေးပွဲအတွက် ညှိနှိုင်းမှုတွေ ဖြစ်လာနိုင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ထိုင်းနိုင်ငံနဲ့ အာဆီယံအဖွဲ့ဟာ အာဏာသိမ်းမှုနောက်ပိုင်း ထိန်းသမ်းခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ လူကိုယ်တိုင် တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့အရေး ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ် လိုက်တာမျိုး မရှိဘူးလို့လည်း ဆီဟာဆတ်က ဆက်ပြောပါတယ်။
ကိုးကား – The Straits Times
Ref; Opposing sides in Myanmar conflict open to dialogue, Thai foreign minister says