ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

 

စားနပ်ရိက္ခာဖူလှုံရေးအတွက် မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှု တိုးတက်မြှင့်တင်ရန်နှင့် မွေးမြူရေးဇုန်များ တိုးချဲ့ရန် ရွေးတုသမ္မတ မင်းအောင်လှိုင်က မကြာခဏ လေလုံးထွား ပြောကြား နေသော်လည် ဗဟိုဘဏ်ဒေါ်လာထိန်းချုပ်မှုနှင့် သွင်းကုန်ပိတ်ဆို့မှု မူဝါဒအမှားများကြောင့် မြေပြင်တွင် တိရစ္ဆာန်ဆေးဝါးနှင့် အစာကုန်ကြမ်းပြတ်လပ်ကာ ယခုရက်ပိုင်းအတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်း များ အဆမတန် မြင့်တက်နေကြောင်း သိရသည်။

 

ရန်ကုန်မြို့ မြေပြင်စျေးကွက်အတွင်း ယခုတစ်ပတ် တနင်္လာနေ့မှစတင်ကာ အသားစား CP ကြက်သား ရင်ပုံသား တစ်ဆယ်သားလျှင် ယခင် ၂,၃၀၀ ကျပ်မှ ၃,၀၀၀ ကျပ် (တစ်ပိဿာ ကျပ် ၃ သောင်း) အထိ လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ၃၆၀ ကျပ်မှ ၅၀၀ ကျပ်ဝန်းကျင်ရှိရာမှ ယခုအခါ ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အထိ လည်းကောင်း စံချိန်တင်စျေးမြင့်တက်သွားခြင်း ဖြစ်သည်။

 

ရွေးတုအစိုးရ၏ စည်ပင်ကားများနှင့် ဈေးဝယ်စင်တာအချို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးသည်ဟု ဆိုသော်လည်း မြေပြင်တွင် ပြည်သူများ ဝယ်ယူစားသောက်ရန် လုံးဝမရှိတော့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

 

“မနက်စာ အာဟာရပြည့်အောင် အိမ်မှာ လူသုံးယောက်အတွက် တစ်ပတ်ကို ကြက်ဥ ၂၀ လောက် ပုံမှန်စားတယ်။ အရင်က စည်ပင်ကားတွေ ဈေးထဲလာရောင်းတာလည်း အခုမတွေ့ရတော့ဘူး။ စင်တာ တွေ သွားပြန်တော့လည်း ကိုယ်သွားတဲ့အချိန်ဆို ကြက်ဥက ကုန်နေပြီ။ အပြင်ဆိုင်ကပဲ ဝယ်စားနေ ရတော့ အခု တစ်လုံး ၇၀၀ ကျပ်အထိ ပေးစားနေရတယ်” ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွေးတုသမ္မတမင်းအောင်လှိုင်သည် မွေးမြူထုတ်လုပ်မှုများ တိုးမြှင့်ခြင်းဖြင့် အသား၊ ငါးနှင့် ကြက်ဥဈေးနှုန်းများကို အထိုက်အလျောက် သင့်တင့်မျှတစေရန်၊ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးဖော်ဆောင်ရန်လိုအပ်ကြောင်းမကြာခဏပြောကြားလေ့ရှိသည်။

 

ရန်ကုန်မြို့ရှိ လူဦးရေ ၇ သန်း၏ တစ်ဝက်ဖြစ်သော ၃ သန်းခွဲက တစ်ရက် ကြက်ဥတစ်လုံးနှုန်းစားလျှင် ကြက်အကောင်ရေ ၄ သန်းခန့် မွေးမြူရမည်ဟု ဥပမာပေးကာ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် ညွှန်ကြားနေသော်လည်း မြေပြင်စီးပွားရေးမှာမူ ရွေးတုအစိုးရ၏ သွင်းကုန်ပိတ်မူဝါဒနှင့် လိုင်စင် အကန့်အသတ်များကြောင့် မွေးမြူရေးသမားများ အစာနှင့် ဆေးဝါး ရရှိခြင်းမရှိတော့ဘဲ လုပ်ငန်းများ ပြိုလဲလျက်ရှိသည်။

 

လက်ရှိစားသုံးနေသည့် အသားစားကြက်၊ ဥစားကြက်ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံကုမ္ပဏီက ၇၆ ရာခိုင်နှုန်းထုတ်လုပ်ပြီး မြန်မာနိုင်ငံသားလုပ်ငန်းရှင်က ၂၄ ရာခိုင်နှုန်းထုတ်လုပ်ကြောင်း၊ နိုင်ငံခြား သားပိုင်ကုမ္ပဏီများက ထုတ်လုပ်သောအသားစားကြက်နှင့် ကြက်ဥ ပိုများကြောင်း မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ်စာရင်းများ အရသိရသည်။

 

အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတို့မှ ကြက်မျိုးရင်းတင်သွင်းပြီး မြန်မာ နိုင်ငံသားပိုင်ကုမ္ပဏီ ၁၀ ခုနှင့် နိုင်ငံခြားသားပိုင်ကုမ္ပဏီ ခုနစ်ခုရှိပြီး မျိုးခြံစုစုပေါင်း ၁၄၄ ခြံနှင့် ဥဖောက်စက် ၁၈ ခုရှိကြောင်း ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်စာရင်းများအရသိရသည်။

 

မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် (MLF) ၏ ထုတ်ပြန်ချက်များအရ ယခင်က နိုင်ငံခြားကုမ္ပဏီများက ၇၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းလုပ်ငန်းရှင်များက ၂၄ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့ကြသော်လည်း လက်ရှိတွင် ပြည်တွင်းအသေးစားနှင့် အလတ်စား မွေးမြူရေးသမား အများစုမှာ အရင်းအနှီးပြတ်လပ်မှုနှင့် စရိတ်မခံနိုင်မှုတို့ကြောင့် လုပ်ငန်းများ ရပ်နား သို့မဟုတ် ပိတ်သိမ်းခဲ့ကြရပါသည်။

 

ထို့ကြောင့် လက်ရှိတွင် ပြည်တွင်း၌ စားသုံးနေသည့် ကြက်သားနှင့် ကြက်ဥ ၈၅ ရာခိုင်နှုန်းကျော်သည် ထိုင်းအခြေစိုက် CP နှင့် တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားအခြေစိုက် နိုင်ငံခြားကုမ္ပဏီကြီးများ၏ ကန်ထရိုက်စနစ် ပေါ်တွင် မှီခိုနေရကြောင်း သိရသည်။

 

“မွေးမြူရေးတိုးတက်ဖို့ နှုတ်ကပဲ ညွှန်ကြားနေပေမဲ့ မြေပြင်မှာ မျိုးကြက်ဥ၊ ကြက်ပေါက်၊ ကြက်အစာနဲ့ ဆေးဝါးတွေက နိုင်ငံခြားက သွင်းရတာ။ သွင်းကုန်ပိတ်ထားတော့ ဘာမှလုပ်လို့မရဘူး။ ကုန်ကြမ်းရှား တော့ ဈေးက ကြီးလာရတာ။ ဒါဟာ မင်းအောင်လှိုင်ရဲ့ မူဝါဒအမှားကြောင့် ဖြစ်လာရတဲ့ မြေပြင် စီးပွားရေး ပကတိအခြေအနေပဲ” ဟု ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်