‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၅ရက်

‎ရမ်းဗြဲ-မအီ-တောင်ကုတ် အဝေးပြေးကားလမ်းမပေါ်ရှိ မင်းကြောင်းချောင်းတံတားအား ရွေးတုအစိုးရ စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

ရွေးတုအစိုးရစစ်တပ်သည် ‎ယမန်နေ့ ဇူလိုင် ၁၄ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဂျိုင်ရိုကော်ပတာ နှစ်စင်း ဖြင့် မင်းကြောင်းတံတားကို လာရောက်ကာ ဗုံး လေး လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

‎”သံဇစ်မြစ်ထဲမှာ ရှိနေတဲ့ သင်္ဘောပေါ်က ဂျိုင်ရိုကော်ပတာတွေ ဗုံးလာချတာလို့ပြောတယ်။ လေဆိပ်က တက်လာတာတော့မဟုတ်ဘူး” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခင်ကတည်းက ပျက်စီးမှုရှိနေ၍ ပြန်လည်ပြုပြင်နေဆဲဖြစ်သော တံတား၏ ကြမ်းခင်းနေရာနှင့် ဘေးတစ်ဖက်တစ်ချက်စီသို့ ဗုံးများကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၁၁ရက်မှစကာ ကျောက်ဖြူရှိ အဝတောင်ကျေးရွာအနီးတွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာပြီး စစ်တပ်ဘက်မှအထိနာကာ ပြန်လည်ဆုတ်ပြေးနေရကြောင်း သိရသည်။ ‎စစ်တပ်သည် တိုက်ပွဲဖြစ်ပွားသည့် အဝတောင်ကျေးရွာအနီးကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး သံဇစ်မြစ်အတွင်းရှိ နေဗီများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။

‎ရွေးတုအစိုးရစစ်တပ်သည် ကျောက်ဖြူစစ်မျက်နှာတွင် စစ်ရေးအရ အဘက်ဘက်မှ ရှုံးနိမ့်နေသော ကြောင့် ကျောက်ဖြူမြို့နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းများနှင့် တံတားများကို ဖြတ်တောက် ဖျက်ဆီးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

‎ဓာတ်ပုံ- APM