‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၅ရက်

‎ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၁၂ ရက်နေ့မှစတင်ကာ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်မှုဒုက္ခများနှင့် ကြုံနေချိန်တွင် ရွေးတုအစိုးရစစ်တပ်က ဂွမြို့ပေါ်သို့ ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်မှ ဂျက်ဖိုက်တာတစ်စင်းသည် ဇူလိုင် ၁၄ ရက်နေ့ ညဦးပိုင်းက ‎ရေဘေးသင့်နေသည့် ဂွမြို့ကို နှစ်ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် အသက် ၃၉ နှစ်အရွယ် အရပ်သားပြည်သူ ဦးကျော်သူတွင် ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့သည်။ ‎ထို့အပြင် ဂျက်ဖိုက်တာဖြင့်လည်း ဗုံးသီး လေးလုံး ထပ်မံ၍ကြဲချတိုက်ခိုက်ခဲ့သည်။

‎”ဂွကို ရမ်းသန်းပြီး တိုက်ခိုက်နေတာ။ ရခိုင်တောင်ပိုင်းဝင်ပေါက်ကို ပိတ်ဆို့မယ်ဆိုတဲ့ အစီအစဉ်လည်း အကောင်အထည်ပေါ်မလာတော့ ပြည်သူကို ရည်ရွယ်ချက်ထားပြီး သတ်ဖြတ်ဖို့လုပ်နေတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

လေကြောင်းမှ ကြဲချခဲ့သည့် ဗုံးသီးများအနက် မြို့မရပ်ကွက်နှင့် သိမ်ကုန်းကွက်သစ်သို့ တစ်လုံး၊ ကင်းရုံးရပ်ကွက် နှင့် ကြံ့ခိုင်ရေးရုံးဟောင်းဝန်းကျင်သို့ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကင်းရုံးရပ် ကွက်မှ ဦးကျော်သူ ဗုံးစမှန်ဒဏ်ရာရရှိခဲ့သလို ကြံ့ခိုင်ရေးရုံးဟောင်းလည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း အာရက္ခတပ်တော်(AA)နှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြပေးနေသည့် APM ထံမှ သိရသည်။

‎ထို့အပြင် ဇူလိုင် ၁၃ ရက်နေ့ ည ၁၀ နာရီကျော်တွင်လည်း ဂွမြို့ပေါ်သို့ လေကြောင်းမှ ဂျက်ဖိုက်တာ၊ Y12တို့ဖြင့် ဗုံး ၅၂လုံး ကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ယခုတိုက်ခိုက်မှုသည် ၂ ရက်ဆက်တိုက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဂွမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုကျမှုများရှိနေကာ ရဟိုင်းဖျား၊ ရွာသစ်ကုန်း၊ ချင်းကွင်း၊ ပေါက်တူးကွင်း၊ ကွမ်းကြီးကွင်းနား၊ ထန်းပင်ကုန်း၊ ကျွဲကူးဆိပ်၊ ရွှေပြည်၊ လယ်စ၊ ဒေါပုံ၊ ပေါက်တူး၊ ထိန်ကျင်း၊ ကန်ကျင်း၊ ဘုံမင်းနှင့် ရေစမ်းကြီး အပါအဝင် ကျေးရွာပေါင်း ၂၀ မက ရေကြီးနစ်မြုပ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်။

‎ရခိုင်မြောက်ပိုင်း ရေကြီးမှုတွင်လည်း ရေများပြန်လည်ကျသွားသော်လည်း ပြည်သူများ အကူအညီများ လိုအပ်နေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဖြည့်ဆည်းလုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

ဓာတ်ပုံ- APM‎