ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀,၀၀၀ ခန့်ရဲ့ အရေးကို ဖြေရှင်းနိုင်ရေး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ကောင်းမွန်ဖို့ အရေးကြီးတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

ဒီကိစ္စတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ဒါမှမဟုတ် တခြားနိုင်ငံတွေအပေါ် လုံးဝ မှီခိုဖြေရှင်းလို့ မရဘဲ မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တယ်လို့ ၎င်းက ဆိုပါတယ်။

နှစ်နိုင်ငံကြား ညှိနှိုင်းမှုတွေကြောင့် မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အန်ဝါက ထောက်ပြပါတယ်။

နိုဝင်ဘာ ၂၆ ရက်က ၂၀၂၆-၂၀၃၀ အမျိုးသားလုံခြုံရေးမူဝါဒ မိတ်ဆက်ပွဲမှာ တခြားနိုင်ငံတွေ ဘယ်လောက်ပဲ ပြောဆိုနေပါစေ ဒီပြဿနာကို မလေးရှားကိုယ်တိုင် ဖြေရှင်းရမှာလို့ သူက ပြောပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ရောက်တဲ့အခါ ဘေးကင်းလုံခြုံမှု ထိခိုက်စေမယ့် အရေးယူမှုတွေ မခံရအောင် အာမခံချက် ရယူထားတယ်လို့ အန်ဝါက ဆိုပါတယ်။

ဒီပြဿနာကို မဖြေရှင်းနိုင်ရင် စီမံခန့်ခွဲမှု ကုန်ကျစရိတ်တွေ မြင့်တက်လာမှာ ဖြစ်သလို ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ တိုးလာနိုင်တာကို ထည့်သွင်းစဉ်းစားရမယ်လို့ သူက ပြောပါတယ်။

မြန်မာနဲ့ ဆက်ဆံရေးအပေါ် Amnesty International ရဲ့ ဝေဖန်မှုကို လေးစားပြီး ကြိုဆိုပေမဲ့ နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားကို ဦးစားပေး စဉ်းစားရမယ်လို့ အန်ဝါက တုံ့ပြန်ပါတယ်။

နိုင်ငံ့ကာကွယ်ရေး မူဝါဒနဲ့ အမျိုးသားလုံခြုံရေး စဉ်းစားချက်တွေကို ခွဲခြားမြင်ဖို့ လိုအပ်ပြီး အဓိကက ကိုယ့်နိုင်ငံနဲ့ ပြည်သူကို ကာကွယ်ဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမျိုးသားလုံခြုံရေး စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ သံတမန်ရေးရာဟာ အဓိက လက်နက်တစ်ခု ဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာအောင် ဆက်လုပ်ရမယ်လို့ အန်ဝါက ဆိုပါတယ်။

လုံခြုံရေးကိစ္စတွေကို စစ်ရေးရှုထောင့် တစ်ခုတည်းက မကြည့်ဘဲ နိုင်ငံခြားဆက်ဆံရေးကို ပညာသားပါပါ စီမံခန့်ခွဲပြီး နယ်စပ်ဖြတ်ကျော် ပြဿနာတွေ ဖြေရှင်းနိုင်စွမ်းကိုပါ ထည့်သွင်းစဉ်းစားရမယ်လို့ သူက ပြောပါတယ်။

News: Bernama
Ref; Diplomatic ties key to resolving Myanmar migrant issue, says Anwar