ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တိုက်ပွဲများအတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က ဇီးပြောင်းကျေးရွာဝန်းကျင်တွင် ရွေးတုအစိုးရလက်အောက်ခံ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားစစ်ဆင်ရေးပြုလုပ်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ခမရ-၇၀၄ တပ်ရင်းမှ ဗိုလ်ကြီးဇေယျာထက်နှင့် အခြားတစ်ဦးသေဆုံးကာ တပ်သားတစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၇) ထံကသိရသည်။

ထို့ပြင် အဆိုပါစစ်တပ်တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် စစ်ကားတစ်စီးနှင့်အတူ သေနတ်များ ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်သို့ စစ်တပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်မှာ စတင်ကာ ၂၁ ရက်နေ့အထိ အင်အားထောင်ချီအသုံးပြုကာ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အများအပြားဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း စစ်တပ်စခန်း ရှစ်ခုသိမ်းဆည်းရမိခဲ့ပြီး တပ်ဖွဲ့ဝင် ၅၇၄ ဦးသေဆုံးကာ ၁၃၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – နည်းဗျူဟာ _ ၃၇