ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မြေရှားသတ္တုမိုင်းတွေကြောင့် မြစ်အောက်ပိုင်း ရေထုညစ်ညမ်းနေတာကို ခိုင်လုံတဲ့ အချက်အလက် အထောက်အထားတွေနဲ့ ဇန်နဝါရီလအမီ မြန်မာဘက်ကို ပေးပို့သွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ချနန်ဝေါင်ဆာဝပ်က ပြောပါတယ်။

ရေထုညစ်ညမ်းမှုဒဏ် ခံစားနေရတဲ့ နယ်စပ်ဒေသခံတွေအတွက် ၆ လအတွင်း ခိုင်မာတဲ့ နယ်စပ်ဖြတ်ကျော် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ထိုင်းက ကြိုးပမ်းနေပါတယ်။

အချက်အလက်တွေအရ ရှမ်းပြည်နယ်ထဲက မိုင်းတွင်းတွေဟာ ထိုင်းမြောက်ပိုင်းကို စီးဝင်နေတဲ့ မြစ်တွေကို ညစ်ညမ်းစေတယ်ဆိုတာ ပြသနေပေမဲ့ မြန်မာတာဝန်ရှိသူတွေက အထောက်အထား ထပ်တောင်းထားတယ်လို့ ယော့ချနန်ဝေါင်ဆာဝပ်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ရွှေနဲ့ မြေရှားသတ္တု အဓိက တူးဖော်နေတဲ့ မိုင်းတွင်းတွေကြောင့် နယ်စပ်မြစ်တွေထဲ အဆိပ်အတောက် ဓာတုပစ္စည်းတွေ စီးဝင်နေပြီး ထိုင်းဘက်မှာ သက်သေအချက်အလက် အပြည့်အစုံ ရှိတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ အစည်းအဝေးအပြီးမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ရေနမူနာ စစ်ဆေးမယ့် နေရာ ၁၂ ခု သတ်မှတ်ဖို့ ဒီသီတင်းပတ်ထဲမှာပဲ သဘောတူခဲ့ကြကာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလကြား စတင်စစ်ဆေးသွားမှာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လက ထိုင်းပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနရဲ့ စစ်ဆေးချက်အရ ရှမ်းပြည်နယ်ကနေ ချင်းရိုင်ခရိုင်ထဲ စီးဝင်တဲ့ နမ့်ခုတ်မြစ် အပါအဝင် မယ်ဆိုင်မြစ်နဲ့ ရွက်မြစ် နေရာအများအပြားမှာ အာဆင်းနစ် အဆိပ်ဓာတ်တွေ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရှိခဲ့ပါတယ်။

ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် ဝေးလံခေါင်ဖျား တောင်တန်းတွေပေါ်မှာ တရုတ်သတ္တုတူးဖော်ရေး သမားတွေဟာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ အကာအကွယ်အောက်ကနေ မြေရှားသတ္တုမိုင်းအသစ်တွေ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သိရပါတယ်။

Crisis Group ရဲ့ လေ့လာဆန်းစစ်ချက်အရ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်ကြား ရှမ်းပြည်နယ်ထဲက သတ္တုတူးဖော်မှု ထိခိုက်ဧရိယာဟာ သုံးဆအထိ မြင့်တက်လာခဲ့ပြီး အဓိက သတ္တုတွင်းနယ်မြေတွေဟာ မြန်မာစစ်အုပ်စုရဲ့ ထိန်းချုပ်မှု ပြင်ပမှာ ရှိနေပါတယ်။

မြစ်အောက်ပိုင်းကို ညစ်ညမ်းစေတဲ့ မိုင်းတွင်းတွေကို ဖော်ထုတ်သွားမှာဖြစ်သလို မြန်မာအစိုးရက မိုင်းတွင်းအားလုံးကို ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးစေလိုကြောင်း ယော့ချနန်ဝေါင်ဆာဝပ်က ပြောပါတယ်။

တကယ်လို့ မြန်မာဘက်က မထိန်းချုပ်နိုင်ဘူးဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ တရုတ်နိုင်ငံကို အကူအညီ တောင်းခံသွားမယ်လို့ သူက ဆိုပါတယ်။

News: Reuters
Ref; Thailand moves to pin down source of Myanmar mine river pollution