ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နယ်မြေအတွင်းရှိ ရွေးတုအစိုးရစစ်တပ်မှ ဒုအရာခံဗိုလ်တစ်ဦးက ဇနီးဖြစ်သူအပါအဝင် မိသားစုဝင် လေး ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် မိမိကိုယ်ကိုယ် ပြန်လည်အဆုံးစီရင်သည့် ဖြစ်စဉ်တစ်ခု ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

တောင်ငူမြို့အခြေစိုက် တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးကျောင်း (တထပ-၁) နှင့် တင့်ကားတပ်ရင်းတို့ရှိရာ တပခ စစ်ဌာနချုပ်နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်လိုင်းခန်းအတွင်း လင်မယားချင်း အခြေအတင် စကားများရာမှတစ်ဆင့် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒုအရာခံဗိုလ်၏ ဇနီး၊ ယောက္ခမ၊ ယောက်ဖဖြစ်သူနှင့် ကလေးငယ်တို့ သေဆုံးခဲ့ရပြီး၊ ပစ်ခတ်မှုအပြီးတွင် ဒုအရာခံဗိုလ်သည်လည်း ၎င်းကိုယ်၎င်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့သဖြင့် ၎င်းအပါအဝင် လူ ငါး ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

 

“ဒီဖြစ်စဉ်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က နေပြည်တော် စစ်ဆင်ရေးဌာနအထိ တင်ပြထားပေမဲ့ တပ်တွင်းစည်းရုံးရေးပြိုကွဲတဲ့ ပုံစံမျိုးမဖြစ်စေဖို့အတွက် မူးယစ်ဆေးနဲ့ အရက်သေစာကြောင့် ဖြစ်ပွားရသလိုမျိုး သတင်းဖုံးကွယ်တင်ပြထားတယ်လို့ သိရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။

 

ကျူးလွန်သူ ဒုအရာခံဗိုလ်မှာ ကွမ်းလုံဒေသမှ တောင်ငူသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး တပ်တွင်း၌ ဈေးဆိုင်ဖွင့်လှစ်ထားကာ မူးယစ်ဆေးဝါး စွဲလမ်းနေသူတစ်ဦးဖြစ်သည်ဟု တပ်တွင်း၌ ပြောဆိုမှုများ ရှိနေသည်။

 

“ဘယ်လိုအကြောင်းကြောင့် အခုလို မိသားစုဝင်တွေကို ရက်ရက်စက်စက် သတ်ပစ်တယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး။ မိသားစုအတွင်း အခြေအတင်စကားများတာလား၊ ဒါမှမဟုတ် စစ်ရေးဖိအားနဲ့ စိတ်ဖိစီးမှု တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရတယ်” ဟု ရွေးတုအစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် အဆိုပါစစ်ဌာနချုပ်နယ်မြေအတွင်းရှိ သင်တန်းနည်းပြများနှင့် တပ်ဖွဲ့ဝင်များကို ရှေ့တန်းတိုက်ခိုက်ရေးတာဝန် ယူနေရသည့် ဝါစိုက်ပျိုးရေးတပ်နှင့် ကြံစိုက်ပျိုးရေးတပ်များဆီသို့ အဓမ္မပြောင်းရွှေ့လွှတ်နေခြင်းများကြောင့် ရွေးတုအစိုးရ စစ်တပ်တပ်ဖွဲ့ဝင်များအကြား စိတ်ညစ်ညူးမှုများ ရှိနေပြီး စစ်တပ်မှတာဝန်ရှိသူများက အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ အသေးစိတ် ပြန်လည်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။