‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်း ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တော်လှန်ရေး တပ်ရင်းများက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီး တပ်နှင့်ကင်းကွာနေသည့် ရဲဘော်များလည်း ဇူလိုင် ၂၀ ရက် နောက်ဆုံးထား၍ မိခင်တပ်ရင်းသို့ ပြန်လည်သတင်းပို့ရန် ညွှန်ကြားချက်များ အသီးသီး ထုတ်ပြန်လာကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက ပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးနှင့် မလိုလားအပ်သော ဘေး အန္တရာယ်များ မဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ ဇူလိုင် ၁၃ ရက်နေ့မှစတင်ကာ ညမထွက်ရ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များမှလွဲ၍ ပြင်ပသို့ သွားလာခြင်းကို လုံးဝကန့်သတ်ပိတ်ပင်ထားပြီး ယင်းအမိန့်အား ပြန်လည်ရုပ်သိမ်းကြောင်း မကြေညာသေးမီအချိန်အထိ ဒေသခံမိဘပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် အသိ ပေးထားသည်။

အလားတူ ကောလင်းခရိုင် အမှတ် (၃) တပ်ရင်းကလည်း တပ်နှင့်ကင်းကွာနေသူများနှင့် ခွင့်ရက်ကျော် လွန်နေသည့် ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရန် အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားသည်။

အမှတ် (၁) စစ်ဒေသရုံး၏ ညွှန်ကြားချက်အရ အမှတ် (၃) တပ်ရင်းမှ တပ်ကင်းကွာနှင့် ခွင့်လွန်ရဲဘော်များ သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့မှ စတင်၍ ဇူလိုင် ၂၀ ရက်နေ့ နောက်ဆုံးထားကာ မိခင်တပ်ရင်းသို့ ပြန်လည်သတင်းပို့ရမည် ဖြစ်သည်။

သတ်မှတ်ထားသည့် အချိန်ကာလအတွင်း တပ်ရင်းသို့ အချိန်မီ ပြန်လည်သတင်းပို့ခြင်း မရှိပါက တွေ့ရှိသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ပြီး စစ်ဒေသနှင့် တပ်ရင်းက ချမှတ်ထားသည့် စည်းကမ်းဥပဒေများအတိုင်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးထား သည်။

ပုံစာ-စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။