ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

 

မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြစ်ရေများ နယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှုပြဿနာကို တရုတ်အစိုးရအနေဖြင့် ကူညီဖြေရှင်းရန် ပြည်သူ့ပါတီ(People’s Party) ခေါင်းဆောင်နတ်ထဖွန် က တိုက်တွန်းခဲ့သည်။

 

ပြည်သူ့ပါတီခေါင်းဆောင် နတ်ထဖွန်(Natthaphong Ruengpanyawut) နှင့် ချင်းမိုင်အမတ် ပတ်သာ ရာဖွန် လီလာဖတ် (Pattharapong Leelaphat) တို့သည် ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က တရုတ်သံရုံးတွင် သံအမတ်ကြီးနှင့် သွားရောက်တွေ့ဆုံကာ မြစ်ရေညစ်ညမ်းမှု အထောက်အထားအသစ်များကို ပေးအပ် ခဲ့ခြင်းဖြစ်သည်။

 

ချင်းမိုင်အမတ်ပတ်သာရာဖွန်က တရုတ်သံအမတ်ကြီးအား ယခုပြဿနာသည် နိုင်ငံသားအားလုံးအပေါ် သက်ရောက်မှုရှိနေပြီး သက်ဆိုင်ရာနိုင်ငံများအားလုံးပါဝင်ကာ အရေးပေါ်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံရှိရေထုအတွင်း တစ်နှစ်ကျော်ကြာတွေ့ရှိခဲ့သည့် အဆိပ်သင့်ဓာတုပစ္စည်းများမှာ ထိုင်းနိုင်ငံ မှသတ္တု တွင်းထွက်များမဟုတ်သလို ထိုင်းနိုင်ငံ၏လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်းလည်းပြောကြားခဲ့သည်။

 

ပြည်သူ့ပါတီက တင်ပြခဲ့သည့် သက်သေအထောက်အထားများတွင် ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေး ဦးစီးဌာနမှ စစ်ဆေးထားသည့် ရေနှင့်အနည်အနှစ်များဆိုင်ရာသိပ္ပံနည်းကျ တွေ့ရှိချက်များ၊ နရဲစွမ်း တက္ကသိုလ်(Naresuan University)၏ သုတေသနများ ပါဝင်ပြီး ရေညစ်ညမ်းမှုမှာ ကော့ဒ်၊ ဆိုင်၊ ရော့ခ်၊ မဲခေါင်နှင့် သံလွင်မြစ်များအထိ ပျံ့နှံ့နေကြောင်း အတည်ပြုထားသည်။

 

မြစ်ရေညစ်ညမ်မှုများကြောင့် ငါးများနှင့် ဟင်းသီးဟင်းရွက်များထဲတွင် အဆိပ်သင့်သတ္တုဓာတ်များ ပါဝင်နေပြီဖြစ်ကြောင်းကို ထောက်ပြခဲ့ပြီး တရုတ်လုပ်ငန်းရှင်များ၏ သတ္တုတွင်းပေါင်း ၂၆၇၆ ခု၏ တည်နေရာအသေး စိတ်ကိုပါ တရုတ်အစိုးရထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကလည်း ပြည်သူ့ပါတီက ပေးအပ်ခဲ့သည့် စာရွက်စာတမ်း သက်သေအထောက်အထားများကို တရုတ်အစိုးရထံသို့ တိုက်ရိုက်ပေးပို့သွားမည်ဟု ကတိပြုခဲ့သည်။ ပြည်သူ့ပါတီအနေဖြင့်လည်း မြစ်ကမ်းဘေးနေထိုင်သည့် ပြည်သူများဘေးကင်းလသည့် ပတ်ဝန်းကျင် ပြန်ရသည်အထိ စောင့်ကြည့်သွားမည်ဟု ပြောဆိုခဲ့သည်။

 

ကိုးကား – Khaosod English