ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

 

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ရွေးတုအစိုးရစစ်တပ် သင်္ဘောမှ ဝန်ထမ်းများ လိုက်ပါလာသော စက်လှေငယ်တစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့ရာ စစ်တပ်မှ ဗိုလ်အဆင့် ရှိသူတစ်ဦး အပါ အဝင် ၂၀ ဦး သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

မော်လိုက်ဆိပ်ကမ်း၌ ဘိလပ်မြေအိတ်များနှင့် စက်သုံးဆီများ လာရောက်ချနေသည့် စစ်သင်္ဘောမှ ဝန်ထမ်း ၂၄ ဦးသည် ယမန်နေ့ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က စက်လှေငယ်တစ်စီးဖြင့် ဆိပ်ကမ်းသို့ ကူးရန် ထွက်ခွာလာစဉ် ရေစီးသန်နေခြင်းကြောင့် စစ်သင်္ဘော၏ အောက်ဘက်သို့ ဝင်ရောက်တိုက်မိကာ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

 

“စစ်သင်္ဘောကြီးပေါ်ကနေ စက်လှေနဲ့ ကမ်းဘက်ကို ဆင်းမယ့် စစ်ဗိုလ်နဲ့ ရေယာဉ်တပ်ဖွဲ့ဝင်တွေ စက်လှေမှောက်တာ။ လေးယောက်ပဲ ရှင်တယ်။ ကျန်တာအကုန်သေတယ်။ အလောင်းတွေ ရှာနေကြ တုန်းပဲ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစက်လှေငယ်သည် ရေစီးသန်နေခြင်းကြောင့် ဆိပ်ကမ်းသို့အကူးတွင် စစ်သင်္ဘော၏ အောက်ဘက်သို့ ဝင်ရောက်ကာ တိုက်မိနစ်မြုပ်သွားခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ အချို့၏ ပြောပြချက်အရ သိရသည်။စက်လှေတိမ်းမှောက်မှုကြောင့် ယင်းပေါ်တွင် ပါရှိသူများအနက် လေးဦးသာ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပြီး စစ်ဗိုလ်အပါအဝင် ကျန် ၂၀ ဦးမှာ ရေနစ်သေဆုံးခဲ့ ခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် စစ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူများ၏ ရုပ်အလောင်း များကို ရေပြင်အတွင်း လိုက်လံရှာဖွေလျက်ရှိသော်လည်း ယနေ့ ဇူလိုင် ၁၅ ရက် ယနေ့အထိ အလောင်းအားလုံးကို ပြန်လည်ဆယ်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

အလားတူ မော်လိုက်မြို့တွင် ရပ်နားထားသော ရွေးတုအစိုးရ စစ်တပ်၏ စစ်မော်တော် ၂၂ စင်းပါ စစ်ရေယာဉ်အုပ်စုသည် ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၅ နာရီအချိန်မှ စတင်ကာ ဖောင်းပြင်မြို့နယ်ဘက်သို့ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာနေကြောင်း ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က အရေးပေါ် သတိပေး ချက် ထုတ်ပြန်ထားသည်။

 

ချင်းတွင်းမြစ်အတွင်း စစ်အုပ်စု၏ မော်တော်များ ဖြတ်သန်းသွားလာစဉ် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် နေထိုင် ကြသူများနှင့် မြစ်ကြောင်းကို အသုံးပြု၍ သွားလာလုပ်ကိုင်နေကြသည့် ပြည်သူများအနေဖြင့် ဘေးလွတ် ကင်းပြီး လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ကြရန် ဒေသကာ ကွယ်ရေးတပ်များက နှိုးဆော်ထားသည်။

 

ဓာတ်ပုံ – ပေးပို့
ပုံစာ – ရွေးတုအစိုးရစစ်တပ် စစ်သင်္ဘောများကို မော်လိုက်ဆိပ်ကမ်းတွင် ရပ်နားထားစဉ်။