‎​ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၅ ရက်

‎​ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ရေယာဉ် ၂၆ စီးပါ စစ်ကြောင်းသည် ယခုအခါ မော်လိုက်မြို့ ဆိပ်ကမ်းသို့ ဆိုက်ကပ် ရောက်ရှိနေပြီဖြစ်ကြောင်း မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ကာ ဒေသခံများကို အရေးပေါ် သတိပေးနှိုးဆော်ထားသည်။

‎​စစ်ရေယာဉ်တန်းသည် မြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် လမ်းခရီးတစ်လျှောက် မြစ်ကမ်းဘေး ဝဲယာရှိ ကျေးရွာများနှင့် တောတောင်နေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ် ၃တပ်ရင်းက ယမန်နေ့ ဇူလိုင် ၁၃ရက်တွင် ထုတ်ပြန်လာသည်။

‎​ထို့ကြောင့် ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရပ်ရွာများမှ မိဘပြည်သူများအနေဖြင့် မိမိတို့၏ အရေးကြီး တန်ဖိုးရှိ ပစ္စည်းများကို ဘေးကင်းရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်း ထားရှိရန်၊ ရွှေ့ပြောင်းခိုလှုံသည့် နေရာများတွင်လည်း လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်မှ ကာကွယ်နိုင်ရန် ကတုတ်ကျင်းများနှင့် ခိုင်မာသည့် အကာအကွယ်များ ပြုလုပ်၍ ခိုအောင်းကြရန် တိုက်တွန်းထားသည်။

‎”စစ်ရေယာဉ်တန်းများ မိမိတို့ နယ်မြေဧရိယာအတွင်းသို့ စတင်ဝင်ရောက်လာချိန်မှစ၍ လူစုလူဝေးဖြင့် အပြင်ထွက်ခြင်း၊ လေယာဉ်နှင့် စစ်ရေယာဉ်များကို သွားရောက်ကြည့်ရှုခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ကြပါနှင့်ခင်ဗျာ” ဟု အမှတ် ၃တပ်ရင်းက သတိပေးထားသည်။

‎​စစ်တပ် စစ်ကြောင်း၏ ရမ်းသန်းပစ်ခတ်မှုနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် အထူးသတိထား နေထိုင်ကြရန် မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းက လေးနက်စွာ နှိုးဆော်ထားသည်။

‎ရွေးတုအစိုးရစစ်တပ်၏ အဆိုပါ စစ်ရေယာဉ်တန်းများမှာ မြစ်ကမ်းနံဘေးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ရှေ့ထွက်မိုင်းများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ထားသည်။

‎ထို့ပြင် ဇူလိုင် ၇ ရက်နေ့တွင် ကနီမြို့ဆိပ်ကမ်း မှ စတင်ဆန်တက်လာသည့် ဗိုလ်မှူး အောင်ဇေယျ ဦးစီးသော စစ်တပ် တပ်ဖွဲ့ဝင် ၂၅၀ ခန့် လိုက်ပါလာသည့် တိုက်ခိုက်ရေးရေယာဉ် အပါအဝင် ဖလပ်မော်တော် ၂၈ စီးပါ ရေယာဉ်အုပ်စုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လမ်းခရီးတွင် သုံးကြိမ်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းကင်း PDFကထုတ်ပြန်ထားသည်။