ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
ပြည်တွင်းအထည်ချုပ်လုပ်ငန်းများမှာ လျှပ်စစ်မီးမရရှိမှု၊ စက်သုံးဆီရှားပါးမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသော်လည်း ရွေးတုသမ္မတ မင်းအောင်လှိုင်ကမူ ဝါစိုက်ပျိုးပြီး ပြည်ပသို့ ဝါတင်ပို့ရောင်း ချသည့်နိုင်ငံ ဖြစ်လာစေဖို့ လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။
မကွေးမြို့တွင် ယမန်နေ့ ဇူလိုင် ၁၃ ရက်က ကျင်းပသည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲ၌ ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ပဲခူး တိုင်းတို့တွင် ဝါစိုက်ဧကများ တည်ငြိမ်မှုရှိရန်နှင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တိုင်းပြည်စီးပွားရေး မြှင့်တင်ရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ဆိုသည်။
လက်တွေ့မြေပြင်တွင် ရွေးတုအစိုးရ၏ နိုင်ငံခြားငွေ ထိန်းချုပ်ကန့်သတ်မှုများကြောင့် ပြည်ပမှ ဆိုးဆေးနှင့် အထည်ချုပ်လုပ်ငန်းသုံး အရန်ကုန်ကြမ်းများ တင်သွင်းရန် လိုင်စင်ရရှိရန် အလွန်ခက်ခဲနေပြီး လျှပ်စစ်မီး အဆမတန် ပြတ်လပ်မှုကြောင့် စက်ရုံများ လည်ပတ်ရန်ပင် မနည်းရုန်းကန်နေရကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များက တုံ့ပြန်ပြောဆိုသည်။

“ဒါက မြေပြင်အခြေအနေကို လုံးဝမသိဘဲ လျှောက်ပြောနေတာ။ ပြည်တွင်းမှာ လျှပ်စစ်မီးက ဘယ်နှနာရီရလို့ စက်ရုံတွေ ဘယ်လိုလည်ပတ်ရမလဲ။ ပြီးတော့ ဝါကနေ ချည်အချောထည်ထွက်ဖို့ စက်မှုနည်းပညာလည်း မရှိဘူး။ ကုန်ကြမ်းသွင်းဖို့ကျတော့လည်း ဒေါ်လာမရှိလို့ ကန့်သတ်ထားပြီး လေထဲမှာ တိုက်အိမ်ဆောက်ပြနေတာ” ဟု ပြည်တွင်းတွင် အထည်အလိပ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိဈေးကွက်လိုအပ်ချက်အရ ပိတ်လိပ်ကုန်ချော ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသည့် ဓာတ်ဆေး၊ ဆိုးဆေးကုန်ကြမ်းများကို တင်သွင်းခွင့်ရရှိရန် လိုအပ်နေပြီး ခေတ်မီအဆင့်မြင့် ဆိုးဆေးစက်ရုံများတွင် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှု ကူညီပေးစေလိုကြောင်း ဝါချည်နှင့်ပိတ်ရက်လုပ်သူများအစုအဖွဲ့မှ ဒေါ်သီရိရတနာလှိုင်က ဆိုသည်။
ထို့ပြင် ကိန္နရီဆေးဆိုးပန်းရိုက် အထည်ချုပ်လုပ်ငန်းမှ ဦးလှမျိုးကလည်း ဝါမှ အထည်ချောအထိ ပြုလုပ်သည့် ကွင်းဆက်လိုအပ်ချက်များအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာ အခက်အခဲများကို ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ရွေးတုသမ္မတက ဝါစိုက်ပျိုးပြီး ပြည်ပသို့တင်ပို့သည့် နိုင်ငံဖြစ်စေရမည်ဟု ပြောကြားနေသော်လည်း လက်တွေ့ တွင် မြန်မာ့ချည်ထည်ဈေးကွက်သည် ပြည်ပသွင်းကုန်အပေါ် မှီခိုနေရဆဲဖြစ်သည်။

“ပြည်တွင်းမှာ ရောင်းနေတဲ့ ချည်ထည်တွေက အိန္ဒိယကနေသွင်းပြီး ဒီကအဆင်ပြန်ရက်ပြီး ထုတ်တာ၊ အင်းမတို့၊ ချိတ်ချည်သားတို့ ပေါ့။ ချည်အချောသား ပိုးပါတာတွေကို သွင်းရတာ။ မြင်းခြံချည်ကတော့ ဒီကထွက်တဲ့ ချည်စစ်ပဲ၊ ဒါပေမဲ့ သူက ကြမ်းတယ်။ ချည်ချောထွက်ဖို့ဆို ဝါစိုက်တဲ့မျိုးကစပြီးတော့ နည်းပညာတွေ အများကြီးလိုတယ်” ဟု ချည်ထည်အင်္ကျီရောင်းသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရသည် ဆီထွက်သီးနှံနှင့် ဝါစိုက်ပျိုးရန် အတင်းအကျပ် ညွှန်ကြားလေ့ရှိသော်လည်း လက်တွေ့တွင် ကုန်ထုတ်လုပ်ရာ၌ လိုအပ်သော ဆိုးဆေးနှင့် စက်ပစ္စည်းအရန်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက်မူ နိုင်ငံခြားငွေ အပြင်မထွက်စေရန် သွင်းကုန်များကို တင်းကျပ်စွာ ပိတ်ပင်ထားသည်။
ရွေးတုအစိုးရ၏ စိုက်ပျိုးရေးဦးစီးဌာနထုတ်ပြန်ချက်အရ လာမည့် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံဧက ၇၄၇,၀၀၀ စိုက်ပျိုးထုတ်လုပ်ရန်နှင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ဝါစိုက်ပျိုးရေးဇုန် ၁၉ ခုဖြင့် ဝါဧက ၆၁၂,၇၁၂ ကျော် စိုက်ပျိုးရန် စီစဉ်နေသည်ဟု ဆိုသော်လည်း မြေပြင်တွင်မူ အာဏာလုရွေးတုအစိုးရ၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် စိုက်ပျိုးမြေအများစုမှာ စွန့်ပစ်ထားရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်