ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ အဝတောင်ကျေးရွာ အခြေစိုက် စခန်း အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား ယနေ့ ဇူလိုင် ၁၄ ရက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ စစ်သင်္ဘောနှင့် ဒရုန်းများအသုံးပြုကာ ခုခံနေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ကျောက်ဖြူ တောင်မော်ဦးရေတပ်စခန်းမှ အင်အားဖြည့်တင်းထားသည့် အဝတောင်စခန်းမှ ထွက်လာသော ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရသည်။
အဆိုပါ တိုက်ပွဲအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ သေဆုံးသူအလောင်းများနှင့်အတူ လက်နက် ခဲယမ်း အများအပြားကို AA ဘက်မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့များက စစ်ကြောင်းပျက်ကာ ဆုတ်ခွာသွားခဲ့ရသည့် ရွေးတုအစိုးရစစ်တပ် လက်ကျန်အင်အား များသည် အဝတောင်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် ပြန်လည်ပူးပေါင်းပြီးနောက် ယနေ့ ဇူလိုင် ၁၄ ရက်တွင် AA ကို ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
”လူစုပြီး ပြန်ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းရယ်၊ ပြန့်ကြဲထွက်ပြေးတာကိုလိုက်တိုက်တဲ့ AAရယ် ထိတွေ့တိုက်ပွဲထပ်ဖြစ်တယ်ပြောပါတယ်။ သိရသလောက် စစ်တပ်က ပြန်ဆုတ်ပြေးရတဲ့ လက်ကျန် လူနဲ့ အနောက်က အဖွဲ့နဲ့ပေါင်းပြီး ပြန်ပြန်တက်လာတာ” ဟု ကျောက်ဖြူဒေသခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်သည် ရှေ့ရက်ပိုင်း တိုက်ပွဲများအတွင်း တပ်ပျက်ကာ အထိနာခဲ့သဖြင့် ယနေ့ တိုက်ပွဲတွင် လေကြောင်းမှ ဒရုန်းဗုံးသီးများ ကြဲချတိုက်ခိုက်နေသည့်အပြင် စစ်သင်္ဘောများ ပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးကာ ခုခံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်က နယ်မြေထိန်းချုပ်နိုင်ရန် ရေတပ်အင်အားသုံး၍ ကြိုးပမ်းနေသော်လည်း AA ၏ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် စစ်ရေးအရ ရှုံးနိမ့်လျက် ရှိပြီး နှစ်ဖက်စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။
ပုံစာ-အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)