ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၄ ရက်

 

အာဏာသိမ်းစစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ၎င်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ၏ ပညာအရည်အချင်း သတ်မှတ်ချက်ကို ဘွဲ့ရရှိပြီးသူဖြစ်ရမည်ဟု ပြင်ဆင်တင်းကျပ်လိုက်ကြောင်း သိရသည်။

 

ရွေးတုလွှတ်တော်အတွက် ရွေးကောက်ပွဲ ဥပဒေများကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ရွေးတုအစိုးရက ယနေ့ ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်လာပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၈ ပုဒ်မခွဲ (ဂ) တွင် “နိုင်ငံတော်က အသိအမှတ်ပြုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်” ဟု အစားထိုး ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ရန် ပညာအရည်အချင်းကို တက္ကသိုလ်ဝင်တန်း (၁၀တန်း) အောင်မြင်ပြီးသူဟု သတ်မှတ်ခဲ့ရာမှ ယခုအခါ ပြည်တွင်းကောလိပ်နှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရန် အဆင့်မြှင့် တင်းကျပ်လိုက်ခြင်း ဖြစ်သည်။

“ဒါက သူတို့အာဏာသိမ်းမှုကို တော်လှန်ခဲ့တဲ့ ကျောင်းမပြီးသေးတဲ့ CDM ကျောင်းသားလူငယ်တွေနဲ့ တိုင်းရင်းသားနယ်မြေက ဒေသခံ နိုင်ငံရေးသမားတွေကို ပိတ်ပင်လိုက်တာပဲ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးစနစ် ပျက်စီးနေချိန်မှာ ဘွဲ့ရမှဆိုပြီး ကန့်သတ်တာဟာ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးလိုက်တာ။ အဓမ္မလုယူလိုက်တဲ့ အာဏာဟာ စစ်တပ်လက်ထဲမှာသာ ထာ၀ရတည်ဖို့လုပ်ဆောင်တာ” ဟု ဝါရင့်နိုင်ငံရေးသမား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ယနေ့ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၁၁-က အား အသစ်ဖြည့်စွက်ထားပြီး ကိုယ်စားပြုပါတီသည် ပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ပယ်ဖျက်ခံရပါက လွှတ်တော်အမတ်အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဖော်ပြထားသည်။

 

သို့သော် ပါတီဖျက်သိမ်းခံရလျှင် သို့မဟုတ် ပယ်ဖျက်ခံရလျှင် အခြားပါတီတစ်ခုသို့ ရက်ပေါင်း ၆၀ အတွင်း ပြောင်းရွှေ့လျှောက်ထားရမည်ဖြစ်ပြီး ပျက်ကွက်ပါက အမတ်အဖြစ်မှ ပျက်ပြယ်မည်ဟု ဆိုထားသည်။

 

အလားတူ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်းပျက်ယွင်းကြောင်း ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ခြင်းခံရသူများကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိစေရဟု ပုဒ်မ ၁၁ ပုဒ်မခွဲ (ဍ) အဖြစ် အသစ်တိုးမြှင့် ကန့်သတ်ထားသည်။

 

ထို့ပြင် မဲဆွယ်စည်းရုံးရေး ကာလနှင့် မဲပေးချိန်များတွင်လည်း ပြောင်းလဲမှုများ ပြုလုပ်ထားပြီး ယခင်က မဲပေးချိန်ကို နံနက် ၆ နာရီမှ ညနေ၄ နာရီအထိ သတ်မှတ်ထားရာမှ ယခုပြင်ဆင်ချက်တွင် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ပြောင်းလဲလိုက်သည်။

 

ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍လည်း “၂ ရက်ကြိုတင်၍” ဆိုသည့် စကားရပ်ကို “၃ ရက်ကြိုတင်၍” ဟုလည်းကောင်း၊ “ညနေ ၄ နာရီမတိုင်မီ” ကို “နံနက် ၉ နာရီမတိုင်မီ” ဟုလည်းကောင်း အသီးသီး အစားထိုး ပြောင်းလဲထားသည်။

 

အဆိုပါ “ရွေးတုအစိုးရ” သည် လွန်ခဲ့သည့် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ပြည်သူလူထုတစ်ရပ်လုံးနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ငြင်းပယ်ထားသည့်ကြားကပင် အတုအယောင်ရွေးကောက်ပွဲကို သုံးကြိမ်တိုင်တိုင် ခွဲခြားကျင်းပကာ စိတ်ကြိုက်ခြယ်လှယ်ဖွဲ့စည်းထားသည့် စစ်တပ်လက်ဝေခံ အုပ်စုတစ်ခုဖြစ်သည်။

 

ရွေးတုအစိုးရသည် ယခုကဲ့သို့ ဥပဒေများကို အကြိမ်ကြိမ် ပြင်ဆင်ခြင်းအားဖြင့် ၎င်းတို့ကျင်းပမည့် ဟန်ပြရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများ၏ ဗဟိုအလုပ်အမှုဆောင် ဖွဲ့စည်းပုံနှင့် စည်းမျဉ်းများကို စိတ်ကြိုက်လွှမ်းမိုးချုပ်ကိုင်ရန် ခြေလှမ်းပြင်နေခြင်းဖြစ်သည်။

 

ဓာတ်ပုံ-MOI