ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

 

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် ခရီးသည်တစ်ဦးလျှင် တစ်နှစ်အတွင်း မိုဘိုင်း လက်ကိုင်ဖုန်း နှစ် လုံးသာ သယ်ဆောင်ခွင့်ပြုတော့မည်ဖြစ်ပြီး သယ်ဆောင်လာသည့် ဖုန်းများကို ရက်ပေါင်း ၃၀ အတွင်း ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု ရွေးတုအစိုးရကယနေ့ ဇူလိုင် ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကန့်သတ် ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်အရ ခရီးသည်တစ်ဦးသည် ပထမအကြိမ် Passenger Declaration Form (PD Form) ဖြည့်စွက်ကြေညာခဲ့သည့်နေ့မှစ၍ တစ်နှစ်တာအတွင်း စုစုပေါင်း ဖုန်း ၂ လုံးအတွက်သာ မှတ်ပုံတင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

 

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဝင်ရောက်လာချိန်တွင် ဖုန်းပါ IMEI နံပါတ်ကို မပျက်မကွက် ဖြည့်စွက်ကြေညာရမည် ဖြစ်ပြီး ပြည်တွင်းသို့ ရောက်ရှိကာ ရက်ပေါင်း ၃၀ အတွင်း ကျသင့်အခွန် ပေးသွင်းခြင်းမရှိပါကလည်း ဒဏ်ကြေးငွေ ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါက သပ်သပ်ကြပ်တာပဲ။ အရင်ကတည်းက နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိသူတွေဆိုရင် ပြန်လာရင် ဖုန်းမှာကြတာလေ။ နောက် iPhone အသစ်ထွက်တာတို့ဆိုရင် နိုင်ငံခြားမှာဝယ်ပြီး ဒီမှာပြန် ရောင်း ကြတာ။ ဟိုမှာ ဒီနေ့ထွက် ဒီနေ့ချက်ချင်း ရောက်အောင် ကုန်သည်တွေ ရောင်းကြတယ်။ အခုကျ တစ်နှစ်မှ နှစ်လုံးပဲ သယ်ခွင့်ရတော့ အဲဒီစီးပွားရေးအခွင့်အလမ်း နည်းသွားပြီ” ဟု ဖုန်းအရောင်း အဝယ်လုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

 

ယခုလုပ်ဆောင်ချက်သည် ပြည်တွင်းသို့ တရားမဝင် မှောင်ခိုဖုန်းများ ဝင်ရောက်လာမှုကို တားဆီးရန် ရွေးတုအစိုးရက အကြောင်းပြထားသော်လည်း ၎င်းတို့ထိန်းချုပ်ထားသော CEIR စနစ်အတွင်း ဖုန်း၏ IMEI နံပါတ်၊ သုံးစွဲသူ၏ နိုင်ငံကူးလက်မှတ် (Passport)၊ မှတ်ပုံတင် (NRC)၊ လေယာဉ်လက်မှတ် (Boarding Pass) နှင့် ဆင်းကတ် (SIM Card) တို့ကို တစ်ပါတည်း တွဲဖက်မှတ်ပုံတင်ခိုင်းခြင်း ဖြစ်သည်။

 

ထိုသို့ ချိတ်ဆက်လိုက်ခြင်းကြောင့် ရွေးတုအစိုးရအနေဖြင့် ပြည်ပမှဝင်ရောက်လာသူများ၏ ဖုန်းသည် မည်သည့်အချိန်၊ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုပါ Real-time (ချက်ချင်း) နောက်ယောင်ခံ ခြေရာခံ စောင့်ကြည့်နိုင်ခွင့် ရရှိသွားမည်ဖြစ်ကြောင်း အိုင်တီ (IT) နည်းပညာများနှင့် ဆိုက်ဘာ လုံခြုံရေးအကြောင်း နားလည်သူများက ဆိုသည်။

 

“နည်းပညာ၊ လျှပ်စစ်ပစ္စည်းတွေ အသစ်ပေါ်ချိန်မှာ မြန်မြန်ဆန်ဆန် သုံးစွဲခွင့်ရဖို့ လေကြောင်းလိုင်းနဲ့ ဝင်လာလေ့ရှိတာ။ အဲဒီအပေါ် အခွန်ကောက်ရင်တော့ သင့်တော်ပေမယ့် အခုလို အလုံးအရေအတွက် ကန့်သတ်လိုက်တာကတော့ နားမလည်နိုင်စရာပဲ” ဟု ဖုန်းအရောင်းအဝယ်လုပ်သူက ဆက်လက် ပြောကြားသည်။

 

လက်ရှိသုံးစွဲနေသည့် ဖုန်းဟန်းဆက်များသည် ရွေးတုအစိုးရ ထိန်းချုပ်ထားသော CEIR စနစ်ထဲတွင် ရှိနေသည့်အတွက် ယခုကန့်သတ်ချက်သည် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ နောက်ကြောင်းကိုပါ အသေးစိတ် နောက်ယောင်ခံ စောင့်ကြည့်ခံရမည့် အခြေအနေ ဖြစ်ကြောင်း ဆိုက်ဘာလုံခြုံရေး အကြောင်း သိနားလည်သူများထံမှ သိရသည်။

 

ရွေးတုအစိုးရသည် ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်းကလည်း ရန်ကုန်လေဆိပ်၌ iPhone 15 Pro Max အလုံး ၂၅၀ ကျော်၊ ဒေါ်လာ တစ်သိန်းကျော်နှင့် ရွှေတုံး ၁၆ တုံးအထိ တရားမဝင်ကုန်သွယ်မှုအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့မှစတင်ကာ CEIR စနစ်ကို တရားဝင်ကျင့်သုံးခဲ့ပြီး၊ ယင်းစနစ်အတွင်းသို့ မရောက်ရှိသေးသည့် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် ဆက်သွယ်ရေးသုံးပစ္စည်းများကို အခွန်နှင့် ဒဏ်ကြေးများ အတင်းအကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – MOI၊ လူမှုကွန်ရက်