‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၁၄ရက်

‎စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ နယ်မြေများကို ဦး တည်၍ စစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့သည့် ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းများသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဆီးကြိုတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

စစ်တပ်သည် ‎ယခု ဇူလိုင် ဒုတိယပတ်အတွင်းက ကောလင်း အရှေ့ခြမ်းရှိ သစ်ဖုလနှင့် ကျောက်ပုထိုး နယ်မြေများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြန်လည် ဆုတ်ပြေးရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဝန်းသို၊ မဲဇာနှင့် အင်းတော်တစ်လျှောက်တွင် ‎စစ်တပ်ဘက်က တပ်ဖြန့်ထားနိုင်သည်ဟု ထုတ်ပြန်မှုများ ရှိနေသော်လည်း အမှန်တကယ်တွင် ကောလင်း-ဝန်းသို လမ်းပိုင်းနှင့် ကောလင်း-ပင်လယ်ဘူး နယ်မြေများကို တော်လှန်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ပြီး အင်းတော်နှင့် ထီးချိုင့် နယ်မြေအချို့ရှိ ဆက်သွယ်ရေးလမ်းကြောင်း နေရာအချို့ကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

‎”ထီးချိုင့်ကအနောက်ခြမ်းနဲ့ ကောလင်းကအရှေ့ခြမ်းနယ်မြေ အားလုံးက တော်လှန်ရေးတပ်ဖွဲ့များရဲ့ စိုးမိုးနယ်‌မြေတွေ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

‎မဲဇာနှင့် နန့်သဲသို့ ရောက်ရှိလာသည့် စစ်တပ်စစ်ကြောင်းများသည် လက်ရှိတွင် ခံစစ်အသွင် ပြောင်းလဲသွားကာပင်လယ်ဘူးမြို့ကို သိမ်း ပိုက်နိုင်ခြေနည်းပါးသွားပြီဖြစ်သည်။ ထိုကြောင့် စစ်ကိုင်း တိုင်းအတွင်း တိုက်စစ်ဆင်ရန်ထက် ၎င်းတို့ရရှိထားသည့် နယ်မြေများတွင် အပြည့်အဝစိုးမိုးနိုင်ရေး ကိုသာ ပိုမိုဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

‎အင်းတော်၊ နဘား၊ မော်လူးကိုရောက်ရှိနေသည့် ရွေးတုအစိုးရ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲအချို့ရှိနေပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူများသုံး၍ ခုခံလျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကလည်း မော်လူးတောင်ဘက် စီပိန်းရွာတိုက်ပွဲတွင် စစ်တပ်ဘက်က အထိနာ၍ လေကြောင်းမှ ဗုံးအလုံး ၄၀ခန့် ကြဲချခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်