ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ ဇူလိုင် ၁၄ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ ချင်းလည် ဂိတ်စခန်းကို ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၄ နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး ကျည်များဖြင့် သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းလည်အထိုင်ဂိတ်စခန်းမှာ စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့်အထိုင်ချထားသည့် ဂိတ်စခန်း တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး လေး လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတပ်သား နှစ်ဦးထက်မနည်း သေဆုံးနိုင်ပြီး ဘားတိုက်တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

“ချင်းလည်ဂိတ်က စခ(စစ်သား)တွေက ပြည်သူတွေဆီကနေငွေကြေးတောင်းခံတာတွေရှိတယ်။ ကားတွေသိမ်းတာ ရှိတယ်။ ဈေးကုန်တွေကို သယ်ခွင့်မပေးဘူး။ ပြည်သူတွေကိုဖြတ်သွား ဖြတ်လာ လုပ်ခွင့်မပေးတာရှိတယ်။ ပြီးတော့ ကားပေါ်ပါတာတွေ ဆီပုံးကိုတစ်ပတ်မှ ၅၀ သား သယ်ခွင့်ပေးတာ၊ ဆန်ဆိုရင်လုံးဝသယ်ခွင့်မပေးတာရှိတယ်” ဟု ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံရဲဘော်ဇာနည်သွေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့မျာသည် ရွေးတုအစိုးရလက်အောက်ခံတပ်များ၏ ကင်းပုန်းများနှင့် ကင်းလှည့်မှု များကြားမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဒရုန်းများကို အသုံးပြုကာ ပြန် လည်ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်ခေါင်းမြို့နယ် ပကဖအဖွဲ့နှင့် ပြည်ခရိုင်တပ်ရင်း (၁) တပ်ရင်းရုံးအဖွဲ့တို့ ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြည်ခရိုင်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ကလည်း သဲကုန်းမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ် ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အတွင်း စစ်သား ငါး ဦးအထိသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

ဓာတ်ပုံ – ပေးပို့