ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ရက်
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဂွမြို့နယ်ကို ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ ဗုံးအလုံးရေ ၅၂ လုံးခန့် ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီမှ ၁၀ နာရီ ၅၅ မိနစ်အထိ မိနစ် ၅၀ ကျော်ကြာ လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ၆ ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်ခန့်တွင် ဗုံးအလုံးရေ ၅၂ လုံးခန့်ကို ကြဲချခဲ့ခြင်း ဖြစ်သည်။
”ဂွမှာ ကျေးရွာ ၆ခုကျော်လောက် ရေဝင်နေတယ်။ ရဟိုင်းဖျားဆိုလည်း ရေကြီးနေတာ။ ဂွ၊ ဧရာဝတီ အစပ်တိုက်ပွဲတွေမှာ ရှက်စရာကောင်းအောင်ရှုံးနေလို့ ဗုံးလာကြဲတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဗုံးသီးများသည် ဂွမြို့နယ်ရှိ ကွင်းလျားရှည်ကျေးရွာ မြောက်ဘက် လယ်ကွင်းအစပ် တောင်ခြေများ၊ ရဟိုင်းကွင်းကျေးရွာ အနောက်ဘက် လယ်ကွင်းများ၊ ကျောင်းကုန်းကျေးရွာ အရှေ့ဘက် လယ်ကွင်း အစပ် တောင်ခြေများသို့ ကျရောက်ခဲ့သည်။
ထို့အပြင် ကျောင်းကုန်းကျေးရွာရှိ လမ်းမကြီးဘေးတွင် ဗုံးတစ်လုံးနှင့် အရပ်သားဖြစ်သူ ဦးအညီ၏ နေအိမ်ပေါ်သို့ ဗုံးတစ်လုံး ကျရောက်ခဲ့သည်။ အဆိုပါ ဗုံး နှစ်လုံးမှာ ပေါက်ကွဲမှုမရှိခဲ့သော်လည်း ဦးအညီ၏ နေအိမ်ပေါ်သို့ ဗုံးသီးအလုံးလိုက် ကျရောက်ခဲ့မှုကြောင့် နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း APMထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့ကလည်း ဂွမြို့နယ် ဓနိအုပ်စု၊ ကုလားချောင်း ကျေးရွာနှင့် ပေါက်တူးကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကုလားချောင်းရွာမှ အရပ်သားပြည်သူ လေးဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပေါက်တူးရွာရှိ စာသင် ကျောင်းနှင့် လူနေအိမ် ခုနစ် လုံး ပျက်စီးခဲ့ရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ကလည်း စစ်သင်္ဘော လေးစင်းဖြင့် ဂွမြို့နယ်ကို လက်နက်ကြီး အကြိမ်ရေ ၈၇ ကြိမ်ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ- APM
ပုံစာ- ဇူလိုင် ၁၃ရက်ကလေကြောင်းတိုက်ခိုက်ခံရသည့် ဂွရှိနေအိမ်များ။